နေပြည်တော် မတ် ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် ၁၂ နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် ၁၃ တို့မှ သင်တန်းသား၊ သင်တန်းသူများကို “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချသည်။
မွန်းလွဲပိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးမြို့ မြို့တော်ခန်းမယုဇနဧည့်ခန်းမ၌တွေ့ဆုံ၍ မန္တလေး တိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေးသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပုဂ္ဂလိကကဏ္ဍသို့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းအခမ်းအနား” သို့တက်ရောက်၍ “ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍” ဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံဝန်ဆောင်မှုပေးလျက်ရှိသော တိုင်းဒေသကြီးအဆင့် ဌာန ၃၁ ဌာနတွင်လည်း ဌာနတွင်းအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုများပပျောက်မှသာ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရတစ်ရပ်ဖြစ်လာမည်ဖြစ်သဖြင့် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌကကော်မရှင်အနေဖြင့် “ပုဂ္ဂလိကအဖွဲ့အစည်းများ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသော လုပ်ငန်းဆိုင်ရာကျင့်ဝတ်များနှင့်သင့်လျော်သော ထိန်းချုပ်မှုနည်းလမ်းများကို ချမှတ်ဆောင်ရွက်နိုင်ရန် အခြေခံအချက်များ” ကို အမိန့်ကြော်ငြာစာ ၁၄/၂၀၁၈ ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာပါအချက်များသည် စီးပွားရေးလုပ်ငန်းကဏ္ဍအတွင်း အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန် ပြဋ္ဌာန်းထားရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာကော်မရှင်ဥက္ကဋ္ဌက ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်