နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး နိုင်ငံ၏အချက်အချာကျသော ဒေသတွင်တည်ရှိသည်။ တစ်ချိန်က နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ပြီး ယခုစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အဓိကမြို့ကြီးဖြစ်သည့် မန္တလေးမြို့တို့၏ကြားတွင် တည်ရှိနေသည့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ရေခံမြေခံကောင်းများရှိရာ ဒေသလည်းဖြစ်သည်။
မြို့သက်တမ်း ၁၇ နှစ်ခန့်ရှိပြီဖြစ်သည့် နေပြည်တော်ကို စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့စဉ်ကပင် အနာဂတ်ကာလဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများလုပ်ဆောင်နိုင်ရန်ရည်ရွယ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုတို့အတွက် ဇုန်များအလိုက်နေရာများ လျာထားသတ်မှတ်ထားခဲ့သည်။ နေပြည်တော်ကောင်စီ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည်နှင့်အညီ Green City ၊ Clean City ၊ Smart City ဖြစ်လာစေရေးအတွက် စဉ်ဆက်မပြတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။
“မိမိတို့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နေပြည်တော်ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြု၍ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးပြီးမွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အောင်မြင်အောင်ဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် ၂၂-၁၀-၂၀၂၂ ရက်နေ့ကတွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေသည် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကဏ္ဍသုံးရပ်ဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်ရောင်းဝယ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့အတွက် အခြေခံကောင်းများပြည့်စုံသည့်ဒေသဖြစ်သည်။ ပြည်ထောင်စုအစိုးရရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ဒေသတွင်းနေထိုင်သူတစ်သန်းကျော်ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလုပ်ငန်းများလုပ်ကိုင်ရန် ရေ၊ မြေ၊ လျှပ်စစ်စွမ်းအင်အရင်းအမြစ်များကောင်းမွန်သည်။ မော်တော်ကားဖြင့် ရန်ကုန်မှ ခြောက်နာရီခရီး၊ မန္တလေးမှ လေးနာရီခရီးတွင်တည်ရှိပြီး ပတ်ဝန်းကျင်ရှိ ရေမြေတောတောင်သဘာဝများစွာတို့မှာလည်း ခရီးသွားလုပ်ငန်းများအတွက် ခရီးစဉ်အသစ်များစွာ ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ဖော်ထုတ်လုပ်ကိုင်နိုင်သည်။ ကုန်ထုတ်လုပ်ငန်းများမှထွက်ရှိသည့် ကုန်ချောများဖြန့်ဖြူးနိုင်ရန် နေပြည်တော်မှ ဒေသအသီးသီးသို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။
ယခုအခါ နေပြည်တော်သို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို တာဝန်ရှိအဖွဲ့အစည်းများက အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ကလည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်လျက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကူညီအားပေးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုး၊ မွေးမြူ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခြေခံကောင်းများရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရင်းနှီးမြှုပ်နှံလုပ်ငန်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူနှင့်တကွ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးတို့ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်