Skip to main content

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်များ ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်အတွက် နိုင်ငံခြားစာစစ်ဌာန ၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၇၇ ခု စာစစ်ဌာန စုစုပေါင်း ၇၇၈ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေစုစုပေါင်း ၄၄၃၅၄ ဦးရှိပြီး လာရောက်ဖြေဆိုသူစုစုပေါင်း ၃၉၀၄၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၀၃  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။