ညောင်ရွှေ မတ် ၁၆
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိအင်းလေးကန်သည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်သည့် သဘာဝရေချိုကန် ခရီးသွားဒေသတစ်ခုဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းများရပ်နားထားခဲ့ရာမှ ယခုနှစ်နွေရာသီတွင် အင်းလေးဒေသအတွင်းသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက် လည်ပတ်လာသည်ကို တွေ့ရသည်။
“ကလေးတွေ နွေရာသီကျောင်းပိတ်ရက်မှာ မိသားစုနဲ့ ဘုရားဖူးထွက်တာ ပါ။ ကလေးတွေက အင်းလေးကန်မှာ လှေစီးချင်တယ်၊ ဖောင်တော်ဦးဘုရားဖူးချင် တယ်ဆိုလို့ လိုက်ပို့ပေးတာပါ။ လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက အင်းလေးကန်ကို ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဖောင်တော်ဦးဘုရားပွဲကာလနဲ့ တိုက်ဆိုင်တော့အတော်လေးကို စည်စည်ကားကားဖြစ်နေတာ ကြုံခဲ့ရပါတယ်။ အခုတော့ အင်းရေပြင်ကျယ်ကျယ်ကြီးကို သန့်သန့်ရှင်းရှင်းတွေ့ရတယ်။ ဖောင်တော်ဦး ဘုရားကိုလည်း အေးအေးဆေးဆေး ဖူးခဲ့ရတယ်။ တခြားဘုရားဖူးဧည့်သည်တွေလည်း တွေ့ခဲ့ရပါတယ်”ဟု မိသားစုနှင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် မခင်ချိုဝင်းက ပြောသည်။
လက်ရှိကာလတွင် ခရီးသွားဧည့်သည်များ တစ်စတစ်စလာရောက်နေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ကာလများနှင့်နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေလာကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကာလပြီးဆုံးချိန်နှင့် သင်္ကြန်ကာလများတွင် ဧည့်သည်များ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ရကြောင်း၊ အင်းလေးဒေသသို့ လာရောက်လည်ပတ် သည့်ဧည့်သည်အဝင်များမှသာ မိမိတို့လုပ်ငန်းရော အင်းလေးကန်အတွင်း အသက်မွေးဝမ်းကျောင်းလုပ်နေကြသူများပါ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ခရီးသွားစက်လှေ လုပ်ငန်းလုပ်ကိုင်နေသူ ဦးရွှေထွန်းက ပြောသည်။
အင်းလေးဒေသအတွင်းသို့ လာရောက်လည်ပတ်ကြသော ခရီး သွားဧည့်သည်များသည် ညောင်ရွှေမြို့နှင့်ဝန်းကျင်ရှိ ညောင်ရွှေ ဟော်နန်း၊ ဒေသရိုးရာ စားသောက်ဆိုင်များ၊ ဈေးနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ မိုင်းသောက်တံတား၊ ရွှေရန်ပြေရှေးဟောင်း ဘုန်းတော်ကြီးကျောင်း စသည့်နေရာများသို့ လည်ပတ်ကြသည်။ ယင်းအပြင် ညောင်ရွှေမြို့ရှိ စက်လှေဆိပ်များ၊ နန်းပန်မြို့ဈေးလှေဆိပ်၊ ခေါင်တိုင်ကျေးရွာ စက်လှေဆိပ်များနှင့် အခြားစက်လှေဆိပ်များမှ တစ်ဆင့် အင်းလေးကန်အတွင်းသို့ စက်လှေစီး၍ သွားရောက်ကာ ဖောင်တော်ဦးဘုရားနှင့် အခြားစေတီပုထိုးများကိုဖူးမြော်ကြပြီး ရက်ကန်းလုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ မုန့်လုပ်ငန်းများကိုစိတ်ဝင်တစား သွားရောက်လေ့လာကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ