လွိုင်ကော် မတ် ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်လွိုင်ကော်မြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများကိုအဆိုပါရုံး၌တွေ့ဆုံအမှာ စကားပြောကြားပြီး ၁၃၂ ကေဗွီ လွိုင်ကော် ပင်မဓာတ်အားခွဲရုံကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာကပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ကဝန်ထမ်းများအားလုံး မိသားစုသဖွယ်စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်သွားရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေးအလေးထားဆောင်ရွက်ရန်၊ ဘဏ္ဍာရေးကဏ္ဍအထူးဂရုပြု ဆောင်ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများ၏အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
ယင်းနောက် ကယားပြည်နယ်အတွင်းရှိ ၁၃၂ ကေဗွီ၊ ၁၁၀ အမ်ဗွီအေလွိုင်ကော်ပင်မဓာတ်အားခွဲရုံသို့ သွားရောက်စစ်ဆေးရာခေတ္တခွဲရုံမှူးနှင့် တာဝန်ရှိသူများက ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးကဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေးဆောင်ရွက်ရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး၊ လုံခြုံရေးအသိ၊ သတိဖြင့်ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်