Skip to main content

သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုများ တိုးပွားဖြစ်ထွန်းရေး ကြိုးပမ်းစွမ်းဆောင်

ရန်ကုန် မတ် ၁၆

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့က သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (ရန်ကုန်) ကို ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စီမံကိန်းအောင်မြင်မှု၊ နိုင်ငံတကာနှင့် ပြည်တွင်းပူးပေါင်းဆောင်ရွက်မှု၊ အသေးစား၊ အငယ်စားနှင့်အလတ်စား အင်တာပရိုက်များသို့ နည်းပညာလွှဲပြောင်းပေးမှု၊ အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံလုပ်ငန်းစဉ်များ၊ ဝန်ဆောင်မှုနှင့်ဓာတ်ခွဲခန်း စမ်းသပ်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးကနိုင်ငံ့ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားထားရသည့်နိုင်ငံတကာအဆင့်မီ သုတေသနဌာနဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးမှသည်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်မည့်စွမ်းရည်မြင့် သုတေသီရင်းမြစ်များ မွေးထုတ်နိုင်စေရေးနှင့် သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုများ တိုးပွားဖြစ်ထွန်းရေးကြိုးပမ်း စွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားပြီးဂုဏ်ပြု လက်ဆောင်များပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည်အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနရှိ ရေဒါနည်းပညာဆိုင်ရာ သုတေသနဓာတ်ခွဲခန်းတွင် မြေပြင်အခြေစိုက်ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာစမ်းသပ်လေ့လာခြင်း၊ မိုက်ခရို အီလက်ထရောနစ်နည်းပညာ စမ်းသပ်လေ့လာခြင်းနှင့်ရေဒါစနစ်ကို ဒီဇိုင်းရေးဆွဲပြီး Software ဖြင့် ပုံစံတူပြုလုပ်၍ စမ်းသပ်လေ့လာခြင်း၊ အမျိုးသားဓာတ်ခွဲခန်းရှိ အီလက်ထရွန်အသုံးပြု၍ အဏုစိပ်ဓာတ်ခွဲ တိုင်းတာခြင်း၊ ဓာတုဓာတ်ခွဲဌာန၊ ဒြပ်စင်ဓာတ်ခွဲဌာန၊ ဒြပ်ပစ္စည်းဂုဏ်သတ္တိ တိုင်းတာစမ်းသပ်ရေးဌာန၊ ဒြပ်ပစ္စည်းဓာတ်ခွဲဌာန၊ ပြန် ပြည့်မြဲစွမ်းအင်နှင့်တိကျစွာတိုင်းတာမှု နည်းပညာသိပ္ပံ (မြန်မာ) ရှိ နိုင်ငံတကာအသိ အမှတ်ပြု ISO/IEC 17025:2017 လက်မှတ်ရရှိထားသည့် ဓာတ်ခွဲခန်းနှင့် အခြားဓာတ်ခွဲခန်းများ၊ အစားအစာဆန်းသစ်တီထွင်မှု ဌာန၊ ဓာတုနည်းပညာ သုတေသန ဗဟိုဌာနတို့ရှိသုတေသနလုပ်ငန်း ဆောင်ရွက်မှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွန့်ဦးတီထွင်မှုများ၊ ပြည်တွင်းထုတ်ကုန်များ တိုးပွားလာစေရန်လိုအပ်သည့်နည်းပညာများ လွှဲပြောင်းခြင်းနှင့်ဖြန့်ဝေခြင်းများတိုးမြှင့်နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ တက္ကသိုလ်များနှင့်ကွန်ရက်ချိတ်ဆက်၍ Internship ကျောင်းသားများအားပိုမိုလက်ခံရန်နှင့် သုတေသနလုပ်ငန်းများကို ထိရောက်ပီပြင်စွာပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်