Skip to main content

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၁၆

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေး ကြသည်။

ဦးစွာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော မြေယာမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများမလျော့ပါးစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်ဖြစ်သည့်အတွက် လယ်ယာ မြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုများအပေါ် စိစစ်ဆောင်ရွက်ရာတွင် ဒေသဝမ်းစာဖူလုံရေးအတွက် လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများ မပါဝင်စေရေးကိုဂရုပြုဆောင် ရွက်ရမည်ဖြစ်ကြောင်း။

နိုင်ငံတော်နှင့်အများပြည်သူများအကျိုးငှာ ဆောင်ရွက်ရသောလုပ်ငန်းများ၌ ပါရှိသွားသော လယ်ယာမြေများအတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း နစ်နာကြေး၊ လျော်ကြေး လျင်မြန်စွာပေးချေနိုင်ခြင်းဖြင့် မြေယာပိုင်ရှင်တောင်သူလယ်သမားများအတွက် ဥပဒေအရ ပေးအပ်ထားသောရပိုင်ခွင့်များ နှောင့်နှေးမှုမရှိခံစားနိုင်ကြရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှောင့်နှေးမှုမရှိ အကောင်အထည်ဖော ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။

နစ်နာကြေး၊ လျော်ကြေးပေးချေနိုင်ရေးစိစစ်တွက်ချက်ဆောင်ရွက်ရာတွင် လယ်ယာမြေပေါ်တွင်စိုက်ပျိုးထားသော သီးနှံများအတွက်ကိုသာ ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စားကျက်မြေ၊ လ/န -၃၉ ခွင့်ပြုမိန့်ရရှိထားသည့်မြေ၊ မြို့မြေ၊ ရွာမြေ၊ မြေလွတ်၊ မြေရိုင်းစသည့် လယ်ယာမြေနှင့် အကျုံးမဝင်သော မြေမျိုးများပေါ်တွင် စိုက်ပျိုးထားသောသီးနှံများပါဝင်မှုမရှိစေရေး အထူးဂရုပြု စိစစ်တွက်ချက်ပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေများပါပြဋ္ဌာန်းထားသည့် အချက်များနှင့်အညီပေးလျော်ရမည့် မြေအမျိုးအစားမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း။

အလားတူ ကာယကံရှင်များသို့ လျော်ကြေး၊ နစ်နာကြေးပေးချေပြီးပါက သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းအလိုက်မြေအမည်ပေါက် ပိုင်ဆိုင်ရယူနိုင်ရေးကို တစ်ဆက်တည်းဆောင်ရွက်သွားရန်လိုကြောင်း၊ သို့မှသာ နောင်တချိန်တွင်ဖြစ်ပေါ်လာနိုင်သည့် မြေယာအရှုပ်အရှင်းပြဿနာများမှ ကင်းဝေးစေမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏မြေကြီးမြေပုံ စာရင်းဇယားမှန်ကန်ရေး လုပ်ငန်းရပ်ကိုဆောင်ရွက်နိုင်မည်ဖြစ်၍ မြေအမည်ပေါက်ပိုင်ဆိုင်ရယူနိုင်ရေး လုပ်ငန်းစဉ်များပြီးဆုံးသည်အထိတိတိကျကျ ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေး မှာကြားသည်။

ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးဦးသက်နိုင်ဦးက နိုင်ငံတော်၏စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သိမ်းယူခြင်းခံရသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးများကို တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ လုပ်ငန်းများဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကစိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် ထောက်ခံတင်ပြလာသော လုပ်ငန်းစာတွဲများ၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်တင်ပြ လာသော လုပ်ငန်းစာတွဲများ၊ အစည်းအဝေးတွင် စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများကို ဖတ်ကြားတင်ပြရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့များက လုပ်ငန်းတစ်ခု ချင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိပြီးသူများအနေဖြင့်လည်း ခွင့်ပြုချက် ရရှိပြီးနောက် ခွင့်ပြုသည့်နေရက်မှခြောက်လအတွင်း လယ်ယာမြေကိုသတ်မှတ်သည့် နည်းလမ်းအတိုင်းစတင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါက လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က စိစစ်ပြီးလယ်ယာ မြေဥပဒေပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြန်လည်ပယ်ဖျက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်