နေပြည်တော် မတ် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းတွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံတို့နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက်တွေ့ဆုံမှာကြားသည်။ ယင်းနောက် ဝန်ထမ်းများ၏တင်ပြချက်များကို ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ခရိုင်အဆင့်တာဝန်ရှိသူများနှင့်အတူ ကလေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်တက္ကသိုလ်ဝင် စာမေးပွဲအေချမ်းစွာဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုပြီး ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဆရာ ဆရာမများ၊ အေးချမ်းစွာဖြေဆိုရေး ကူညီဆောင်ရွက်ပေးကြသောဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များနှင့်တွေ့ဆုံ၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ကလေးမြို့နေသာကျောင်းတိုက်သို့ရောက်ရှိပြီး နေသာဆရာတော် ဘဒ္ဒန္တဓမ္မိကအားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ပြီး နေသာပရဟိတစာသင်ကျောင်းနှင့် နေသာစာကြည့်တိုက်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် စေတနာရှင်များကလှူဒါန်းသောငွေကျပ် သိန်း ၂၀ နှင့် စာအုပ်စာစောင်များ လှူဒါန်းကာဆရာတော်က ယနေ့ခေတ်လူငယ်များ ငယ်စဉ်ကတည်းက အသိပညာဗဟုသုတပြည့်စုံရေးနှင့် အတွေးအခေါ်အလုပ်အကိုင် မှန်ကန်စေရေးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း မိန့်ကြားရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ကလူငယ်များအသိပညာပေးလုပ်ငန်း များနှင့် ဗလငါးတန် ပြည့်ဝသောလူငယ်များပေါ်ပေါက်လာစေရန် ဆောင်ရွက်နေမှုများကိုရှင်းလင်း လျှောက်ထားခဲ့သည်။
ယနေ့ မွန်းလွဲပိုင်းတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး စဉ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်ရုံး တို့မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် ကျောက်ဆည်ခရိုင်ရုံးတွင် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြစ်သားမြို့နယ် ဦးစီးအရာရှိနှင့်ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားပြီး ခရိုင်ရုံးတွင်ဖွင့်လှစ်ထားသော အင်္ဂလိပ်စာအခြေခံသင်တန်းတက်နေသည့် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပြန်ကြားရေးနှင့်အသိပညာပေးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ရေး၊ မိမိရုံးနှင့် စာကြည့်တိုက်တို့ကို ပြည်သူလူထုနှင့်လူငယ်များက အားကိုးချင်စိတ်ရှိလာအောင်စည်းရုံးပြီး စာဖတ်သူ၊ စာငှားသူများပြားအောင်ဆောင်ရွက်ရေး၊ ဝန်ထမ်းကောင်းပီသစွာ တာဝန်ကျေပွန်စွာထမ်းဆောင်ရေး၊ မီးဘေးလုံခြုံရေး ဂရုပြုရန်တို့ကို မှာကြားခဲ့သည်။
သတင်းစဉ်