နေပြည်တော် မတ် ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးက အရည်အသွေးပြည့်မီသော ၂/၆၀ ချည်၊ ၂/၈၀ ချည်များကိုထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားသဖြင့် စက်ရုံ၌ ၂/၈၀ ချည်များထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများပြုပြင်နေမှုနှင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၂/၈၀ ချည်များအမြန်ဆုံးထုတ်လုပ်နိုင်ရေးအတွက်စက်ပစ္စည်း ကိရိယာများပြုပြင်နေမှုကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ ၂/၈၀ ချည်များစီးပွားဖြစ် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်းချည်မျှင်ရှည်ဝါဂွမ်းများနှင့် စက်အရန်ပစ္စည်းများကို ကြိုတင်စုဆောင်းထားရန်၊ အရည်အသွေးကောင်းမွန်သော ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ထားရန်၊ ထုတ်ကုန်ပစ္စည်းများအရည် အသွေးကောင်းမွန်စေရန်ကုန်ကြမ်း၊ စက်ပစ္စည်းများကောင်းမွန်နေရုံဖြင့်မရဘဲ စက်များကိုကိုင်တွယ် မောင်းနှင်နေသည့် ဝန်ထမ်းများ၏ကျွမ်းကျင်မှုလည်း လိုအပ်သဖြင့်လေ့ကျင့်သင်ကြားပေးရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည်များ ဖြည့်ဆည်းဆောင်ရွက်ထားကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအတွင်း ၁/၄၀ ချည်များထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ပြုပြင်ပြီးစီးမှုနှင့် ပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်မည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ စက်မှုဝန်ကြီးဌာနအနေဖြင့် ၂/၈၀ ချည်များကိုထုတ်လုပ်၍ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများသို့ ဖြန့်ဖြူးပေးနိုင်လျှင် ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်မည်ဖြစ်သဖြင့် အမှတ်(၇) အထည်စက်ရုံ (မြစ်သား)တွင် ထုတ်လုပ်နိုင်ရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပြီး စက်စွမ်းအားပြည့် လည်ပတ်နိုင်ချိန်တွင် ၂/၈၀ ချည်ကိုတစ်လလျှင်ပေါင် ၂၀၀၀၀၊ တစ်နှစ်လျှင်ပေါင် ၂၄၀၀၀၀ အခြေခံထုတ်လုပ်နိုင်ပြီး ပြည်တွင်း အထည်အလိပ်လုပ်ငန်းရှင်များထံ ဖြန့်ဖြူးပေးသွားနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည်။
အမှတ် (၇) အထည်စက်ရုံ (မြစ်သား) အနေဖြင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသော ၂/၈၀ ချည်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ဝါဂွမ်းအမျှင်အရှည် ၃၄ မီလီမီတာရှိသော ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်