Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် မတ် ၁၆

မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ ဆေးကုသရန်သွားရောက်သည့် မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် အပြစ်မဲ့ပြည်သူများ သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မတ် ၁၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ဦးလွင်မိုးအေးသည် ၎င်း၏ညီမဖြစ်သူမဇင်မိုးအေးနှင့် တူဖြစ်သူ မောင်အောင်ဇာနည်ဟိန်း (၈) နှစ်တို့နှင့်အတူ ရေးမြို့တွင်ဆေးကုသရန်အတွက် သွားရောက်စဉ် ကံလှကျေးရွာအနီးသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးလွင်မိုးအေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး မဇင်မိုးအေးနှင့်မောင်အောင်ဇာနည်ဟိန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် မော်တော်ဆိုင်ကယ်များဖြင့် စုံပဒေါက်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် သေဆုံးသူ၏ ရုပ်အလောင်းအား ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာ ၂ ဦးအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့် ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သည့် စုံစမ်းဖော်ထုတ်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။