နေပြည်တော် မတ် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရှိ စော်ဘွားကြီးခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (သိန်းနီဟော်နန်း) အား ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သိန်းနီဟော်နန်းဖြစ်မြောက်ရေးကော်မတီ ဦးဆောင်နာယကဆရာတော်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများက အဆိုပါသိန်းနီဟော်နန်းတော်သို့ သွားရောက်ကြည့်ရှုကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ဆရာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သိန်းနီဟော်နန်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်ခဲ့ရာ ဟော်နန်းပြန်လည်တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှအဖွဲ့ဝင်များ၊ တာဝန်ခံအင်ဂျင်နီယာများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် သိန်းနီဟော်နန်းဖြစ်မြောက်ရေးကော်မတီ ဦးဆောင်နာယကဆရာတော်ကြီးများ၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက သိန်းနီဟော်နန်းပြန်လည်တည်ဆောက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် သိန်းနီမြို့အဝင်ရှိ သိန်းနီနောင်ကန်တော်ကြီးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟော်နန်းတည်ဆောက်ရေးနှင့် သိန်းနီနောင်ကန်တော်ကြီးနှင့်ပတ်ဝန်းကျင် သာယာလှပရေးအတွက် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။