Skip to main content

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်များ ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင်သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်အတွက် နိုင်ငံခြားစာစစ်ဌာန ၁ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၇၇၈ ခု စာစစ်ဌာနစုစုပေါင်း ၇၇၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၄၄၉၄၄ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၃၉၆၁၇ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၁၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။