Skip to main content

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် မတ် ၁၆

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများသည် ယနေ့တွင် မြေပုံမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၃ ဦးအားဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများအား မြေပုံမြို့ဆိပ်ခံတံတားသို့ ပြန်လည်ပို့ဆောင်ပေးသည်။

ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မြေပုံမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၄၆၉ ဦးအား မြေပုံမြို့၊ ပညာ့ဗိမာန်ရိပ်သာပရိယတ္တိစာသင်တိုက်၌ အခြေပြု၍ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၀၁ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၅၃ ဦး၊ ကလေးရောဂါ ၈၄ ဦး၊ အရိုးရောဂါ ၂၉၄ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၇၅ ဦး၊ မျက်စိရောဂါ ၂၄၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၆၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ အာထရာဆောင်းဖြင့်စမ်းသပ် စစ်ဆေးလူနာ ၁၂၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၀၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကိုရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၄ ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့‌ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။