ပဲခူး သြဂုတ် ၁၀
ပဲခူးမြို့နယ် လှော်ကားကျေးရွာအုပ်စု၊ လှော်ကားကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(Village Development Plan) ဖြင့် ဆောင်ရွက်သည့် လှော်ကား ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ လှော်ကားကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပဲခူးမြို့နယ်ဦးစီးမှူး ဒေါ်ဝင်းစန္ဒာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့က အမှာစကား ပြောကြားပြီး လှော်ကားကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်စောဥမ္မာတင်က ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက် ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မီးလင်းရေးကော်မတီဥက္ကဋ္ဌတို့က အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြပြီး ပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလယ်မှူးက ကျေးဇူးတင် ဝမ်းမြောက် စကား ပြန်လည်ပြောကြားခဲ့သည်။
လှော်ကားကျေးရွာတွင် အိမ်ခြေ(၁၄၇)အိမ်၊ အိမ်ထောင်စု(၁၅၄)စု၊ လူဦးရေ(၆၇၉)ဦးရှိပြီး ကျေးရွာ လျှပ်စစ် မီးလင်းရေး အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေ(၆၀၀) 11KV လိုင်းနှင့် 200KVA ထရန်စဖော်မာ (၁)လုံး အတွက်(၁၆၄)သိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (VDP)မှ ငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာ ပြည်သူများမှ (၃၄၈၃၂၅၀၀) ကျပ်၊ စုစုပေါင်း (၆၁၂၃၂၅၀၀)ကျပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူး အဖွဲ့(၂) မှ တာဝန်ယူ တည်ဆောက် နေသည့် ဘုရားကြီး-ဘောနက်ကြီး-ဇောင်းတူ-တိုက်ကြီးလမ်းပေါ်ရှိ တံတား အမှတ်(၄/၆) အရှည်(၉၀)ပေ၊ အကျယ်(၁၄) ပေ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကို လည်း ကောင်း၊ ဘောနက်ကြီးကျေးရွာအနီး မြန်မာ့အလှသိုး မွှေး စက်ရုံ တည်ဆောက်နေမှုအခြေအနေများကို လည်းကောင်း၊ ပဲခူးမြို့အနောက်မြို့ရှောင်လမ်းနှင့် မြို့တွင်းလမ်း လမ်းဘေး ဝဲယာ လျှပ်စစ်မီးထွန်းထားမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိဌာန ဆိုင်ရာများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)