Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး

ရွှေဘို သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းဟိန်းတို့နှင်အတူ ယမန်နေ့ မွန်းတည့်(၉)နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ သံပရာခြံကျေးရွာနှင့် ထူးကြီးကျေးရွာတို့မှ ကျောင်းထိုင် ဆရာတော်များအားဖူးမြှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်သူလူထုနှင့် ရင်းရင်းနှီးတွေ့ဆုံ နှုတ်ဆက်ပြီး  သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် တစ်ရွာလုံးကျွတ် ခြင်ဆေးမှုတ်ဖျန်းပေးရေးအား အလေးထားဆောင်ရွက်စေရေးအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူထံ သို့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာနှင့်ဆင်အင်းကျေးရွာတို့ရှိ အခြေခံ ပညာအထက်တန်း ကျောင်းများသို့ရောက်ရှိပြီး ကျောင်းအတွက်လိုအပ်သောစက်ဘီးများလှူဒါန်းပေးနိုင်ရန်  ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ဆိပ်ခွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိပြီး ကျေးရွာလျှပ်စစ်မီးပြည့်ဝစွာရရှိရေး ထရန်စဖော်မာတစ်လုံး ဖြည့်ဆည်း ပေးနိုင် ရေးနှင့် ဆင်အင်းကျေးရွာ တိုက်နယ်ခွဲဆေးရုံအတွက် အလားတူ ထရန်စဖော်မာ တစ်လုံး ဖြည့်ဆည်း ပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆင်အင်း-ညောင်ပင်သာ (၅)မိုင်ခန့် ကျောက်ချောလမ်းအား အဆင့်မြှင့်တင် ကွန်ကရစ်လမ်းခင်း ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ယင်းမာပင်)