နေပြည်တော် မတ် ၁၅
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များ (၂ဝ၂၂)၊ ပြည်တွင်းနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း(၂၀၂၂) တွေ့ရှိချက်များ ရှင်းလင်းတင်ပြခြင်းနှင့် ခရီးသွားလုပ်ငန်း သုတေသနစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနစီမံကိန်းမှတစ်ဆင့် ခရီးသွားစာရင်းအင်းအချက်အလက်များကို ဖော်ထုတ်ရရှိခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းအင်းအချက်အလက်များ၊ ပြည်တွင်းနှင့် ပြည်ဝင်ခရီးသွားစစ်တမ်း-၂၀၂၂ ကောက်ယူတွေ့ရှိချက်များကို မိတ်ဆက်ခြင်းဖြစ်ကြောင်း။
ယခုစီမံကိန်းကို မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ စာရင်းအင်းအချက်အလက်များ ပိုမိုတိကျ အားကောင်းခိုင်မာလာစေရန် အထောက်အပံ့ဖြစ်စေကြောင်း၊ စီမံကိန်းကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းဈေးကွက်၏ ဝယ်လိုအားနှင့်ရောင်းလိုအားကို အချက်အလက်များ၊ ကိန်းဂဏန်းများဖြင့် ဖော်ထုတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးထုတ်ကုန်အသစ်များ တိုးတက်လာစေရေးအတွက် အစီအစဉ်များနှင့် မဟာဗျူဟာများချမှတ်နိုင်ရန်၊ သတ်မှတ်ဈေးကွက်ရှာဖွေနိုင်ရန် စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များနှင့် နှစ်အလိုက်စီမံချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ဖော်ဆောင်ခြင်းဖြစ်ကြောင်း။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမျိုးသားအဆင့်စီမံကိန်းများပါ ပန်းတိုင်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနနှင့် သက်ဆိုင်သောညွှန်းကိန်းများ ဖော်ဆောင်နိုင်ရေးအတွက် ယခုစီမံကိန်းမှရရှိသော စာရင်းအင်းအချက်အလက်များသည် အထောက်အပံ့ဖြစ်စေနိုင်ကြောင်း၊ ထို့ပြင်ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူး၊ နိုင်ငံတော်၏ စီးပွားရေးအပေါ် အထောက်အကူပေးနိုင်မှု၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ ဆင့်ပွားအကျိုးသက်ရောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမည်ဖြစ်ကြောင်း။
ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် မှန်ကန်တိကျသောမူဝါဒများ၊ ပန်းတိုင်များ ချမှတ်အကောင်အထည်ဖော်နိုင်စေရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနကဏ္ဍ၊ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရီးသွားလုပ်ငန်းသုတေသနဌာနမှ သုတေသနပညာရှင် အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအချက်အလက်များနှင့် စစ်တမ်းကောက်ယူ တွေ့ရှိ ခရီးသွားချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းသုတေသန လုပ်ငန်းစကားဝိုင်း ဆွေးနွေးပွဲကျင်းပရာအခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး နေပြည်တော်ဆက်ဆံရေးရုံးမှ ညွှန်ကြားရေးမှူး Mr. Bai Yunfeng ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စာရင်းအင်းဆိုင်ရာ စံသတ်မှတ်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ စီမံကိန်းမှ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်များ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ခရီးသွားလုပ်ငန်းရှင်များနှင့်အသင်း၊ ဧည့်ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းပညာသင်ကြားနေသော တက္ကသိုလ်/ ကောလိပ်များမှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများနှင့် ဟိုတယ်များမှ တာဝန်ရှိသူများက Hybrid စနစ်ဖြင့် ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်