နေပြည်တော် မတ် ၁၅
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ စွမ်းဆောင်ရည်မြှင့်နိုင်ရေးအတွက်သာမက နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်နေသော အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း/အမှုထမ်း များအပါအဝင် ပြင်ပမှ သံတမန်ရေးရာ စိတ်ဝင်စားသူများအတွက် လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်၊ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ သင်တန်းများဖွင့်လှစ်ဆောင်ရွက်ရာတွင် ပုံမှန်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် သင်တန်းများကို ပြန်လည်လေ့လာသုံးသပ်ခြင်းနှင့် မျက်မှောက်ကာလနှင့် ကိုက်ညီမှုရှိပြီး ဌာနများတွင် လိုအပ်သော သင်တန်းများကို လက်တွေ့လုပ်ဆောင်သွားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းများ မွမ်းမံဆောင်ရွက်သွားနိုင်ရေး ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံနှင့် ဝန်ကြီးဌာနအတွက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း/အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများအပြင် မိမိကိုယ်တိုင် လေ့လာသင်ယူနိုင်ရေး လေ့ကျင့်ပညာပေးခြင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် လိုအပ်သည်များ ပံ့ပိုးစီစဉ်ဆောင်ရွက်ပေးရန်၊ ပညာရပ်ဆိုင်ရာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဌာနအလိုက်လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းသွားကြရန်နှင့် လိုအပ်ချက်များကို ဆန်းစစ်ပြီး စီမံဆောင်ရွက်သွားနိုင်ရေး ပြောကြားသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ မှာကြားသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်