Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ

နေပြည်တော် မတ် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ကက်သလစ်သာသနာအသင်းတော်၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အင်္ဂလီကန်အသင်းတော်၊ ယေဟောဝါအသင်းတော်၊ သတ္တမနေ့ ဥပုသ်အသင်းတော်နှင့် ကေ့ထိုးဘိုးရိုးရာအဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက်ကြသည်။

အခက်အခဲများ ဖြေရှင်းညှိနှိုင်းပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်မှတာဝန်ရှိသူများနှင့် မပြတ်ဆက်သွယ် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်၏ ဘာသာရေးကိစ္စ၊ လူမှုရေးဆိုင်ရာကိစ္စ အခက်အခဲများရှိခဲ့လျှင် ဖြေရှင်းညှိနှိုင်းပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ကြောင်း။

ပြည်နယ်တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးကြောင်း၊ ပြီးခဲ့သည့်နှစ်ကာလအတွင်း အကြမ်းဖက်အဖွဲ့အစည်းများကြောင့် လွိုင်ကော်မြို့အနီးတစ်ဝိုက်အထိ လုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိခဲ့ပြီး တည်ငြိမ်အေးချမ်းမှုမရှိခဲ့သော်လည်း ယခုအခါများစွာ တည်ငြိမ်အေးချမ်းလာသည်ကို တွေ့ရကြောင်း၊ သို့သော် အချို့သော မြို့နှင့်အလှမ်းကွာဝေးသည့်နေရာများတွင် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးကြောင်းတွေ့ရသော်လည်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း စီမံဆောင်ရွက်နေပါကြောင်း။

ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်း၍ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသော်လည်း အချို့သောလက်နက်ကိုင်အဖွဲ့အစည်းများမှာ ပူးပေါင်းဆောင်ရွက်လိုမှု မရှိကြောင်း၊ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ပစ်ခတ်ရပ်စဲရေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ သက်တမ်းတိုးထားကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဆွေးနွေးရန် နေပြည်တော်သို့ရောက်ရှိလာသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မအားလပ်သည့်ကြားမှ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့ပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းဆွေးနွေးရေးကော်မတီကလည်း လာရောက်ဆွေးနွေးခဲ့သော အဖွဲ့များနှင့် ဒေသအကျိုး၊ အဖွဲ့အစည်းအကျိုးအတွက် နှစ်ဖက်ပွင့်လင်းမြင်သာစွာ ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ လာရောက်ဆွေးနွေးမှုတွင် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မပါဝင်သည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရသော်လည်း နိုင်ငံတော်က အမြဲပင် ဆွေးနွေးနိုင်ရန် ကြိုဆိုနေပါကြောင်း။

ပူးပေါင်းပါဝင်ဆောင်ရွက်

ဘာသာရေးအသင်းတော်များကို တွေ့ဆုံချိန် ပြောကြားလိုသည်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒေသအလိုက် ဒေသခံများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တပ်မတော်နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရတို့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ဒေသအတွင်း အမြန်ဆုံးပြန်လည်တည်ငြိမ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များဖြစ်ကြသည့် ကက်သလစ်သာသနာအသင်းတော်မှ ဖာသာအောင်ငဲ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဖာသာအက်ဒွက်စိန်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဦးသိန်းရယ်၊ အင်္ဂလီကန်အသင်းတော်မှ ဦးထူးထူးဘော၊ ယေဟောဝါအသင်းတော်မှ ဦးဆီဗက်စတာ၊ သတ္တမနေ့ဥပုသ်အသင်းတော်မှ ဦးသိန်းထွဋ်ဝင်းနှင့် ကေထိုးဘိုးရိုးရာအဖွဲ့မှ ဦးမီရယ်ဖြင့်တို့က ပြည်နယ်အတွင်း လူမှုရေးဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဆုတောင်းမေတ္တာ စကားများပြောကြားသည်။

ဒေသတည်ငြိမ်အေးချမ်းမှုလိုအပ်

ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယာယီနေရပ် စွန့်ခွာသူများနှင့်ပတ်သက်၍ ဒေသတည်ငြိမ်အေးချမ်းမှု မဖြစ်မနေလိုအပ်ပြီး လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုတွင် ဒေသခံပြည်သူများသည် ဆင်းရဲဒုက္ခများစွာ ကျရောက်ခဲ့ရကြောင်း၊ တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးရန်လိုကြောင်း၊ အလားတူ ဘာသာရေးအဖွဲ့အစည်းများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တည်ငြိမ်အေးချမ်းသောဒေသများတွင် ပဋိပက္ခမရှိလျှင် နေရပ်စွန့်ခွာသူများမရှိကြောင်း၊ သို့ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းပေးရန် ပြောကြားလိုကြောင်း။ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ရန်လို ဘာသာရေးအဖွဲ့အစည်းများ၏ ဘာသာရေး၊ လူမှုရေးဆိုင်ရာလုပ်ဆောင်မှုများနှင့် ပတ်သက်၍ သံသယရှိစရာ အကြောင်းမရှိပါကြောင်း၊ သို့သော် ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ရန်လိုကြောင်း၊ ယေရှုဘုရားသခင်၏ ကျေးဇူးတော်၊ မေတ္တာတော်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို အားပေးကြောင်း၊ မှန်ကန်သောနည်းလမ်းနှင့် အထောက်အပံ့ပေးမှု ရည်ရွယ်ပါကလည်း သက်ဆိုင်ရာမှ ဌာနဆိုင်ရာများကို အသိပေးလုပ်ဆောင်ရန်လိုကြောင်း၊ အချို့မသမာသူများက ဘာသာရေးကိုအသုံးချ၍ ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်လျက်ရှိနေသဖြင့်လည်း လိုအပ်သလို စိစစ်ရခြင်းဖြစ်ပါကြောင်း။ တပ်မတော်သားများအနေဖြင့် ROE, Geneva Convention တို့ကို သိရှိလိုက်နာ ဆောင်ရွက်ရကြောင်း၊ ဘာသာရေးအဆောက်အဦများနှင့် ပတ်သက်ပြီး အလေးထား၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သမားများအနေဖြင့် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများကို အသုံးချကာ အကာအကွယ်ရယူတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသဖြင့် မိမိကိုယ်ကို ခုခံကာကွယ်မှုအရ တုံ့ပြန်ပစ်ခတ်ရမှုများလည်းရှိကြောင်း၊ ပြည်သူ၊ ဘာသာရေးအသင်းအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့အနေဖြင့် ပူးပေါင်း၍ လက်နက်ကိုင်အကြမ်းဖက်သမားများမရှိအောင် ထာဝရတည်ငြိမ်ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ငြိမ်းချမ်းခဲ့ချိန် ရရှိခံစားရသည့် အေးချမ်းသာယာသော အနှစ်သာရကို တန်ဖိုးထား၍ ကယားပြည်နယ် အမြန်အေးချမ်းစေရေး ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် ပြည်နယ်အေးချမ်းရန် ကယားပြည်နယ်အတွင်းရှိ ပြည်သူများအားလုံးတွင် တာဝန်ရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

စားသောက်ဖွယ်ရာများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်တို့က တက်ရောက်လာသည့် ဘာသာရေးအဖွဲ့ခေါင်းဆောင်များအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်