Skip to main content

မွန်ပြည်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်း လျှပ်စစ်မီးမရသေးသည့် ကျေးရွာ ၁၀ ရွာမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

သထုံ ဩဂုတ် ၁၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများတို့သည် ဩဂုတ်လ ၈ ရက် မွန်းလွဲပိုင်းက သထုံမြို့နယ်၊ စခန်းကြီးကျေးရွာ ညောင်ချောင်း ဘုန်းတော်ကြီး ကျောင်း၌ သထုံမြို့နယ်အတွင်းမှ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၁၀ ရွာမှ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခု ကျေးရွာ (၁၀) ရွာကို လျှပ်စစ်ဓာတ်အား အမြန်ဆုံး ရရှိရေးအတွက် လာရောက်ရရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း လျှပ်စစ်ဓာတ် အားရရှိရေးကို စီစဉ်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိပါက လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမှာဖြစ်ပြီး အချို့‌ကျေးရွာများမှာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဟု သိရပါကြောင်း၊ ကျန်ကျေးရွာများကိုလည်း အမြန်ဆုံးပြီးစီးအောင်စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခု ကျေးရွာ များ မီးလင်းရေးကို ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်မှာဖြစ်ပြီး ဒေသခံများအနေဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းစားရိတ်သာ ကုန်ကျ မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မွန်ပြည်နယ်လျှပ်စစ် စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်းနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်တို့က ကျေးရွာ ၁၀ ရွာ လျှပ်စစ်မီးလင်းရေးနှင့် ပတ်သတ်၍ ဆောင်ရွက်နေသည့် လုပ်ငန်းကဏ္ဍများကို ရှင်းလင်းရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်တို့ကို မေးမြန်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၁၀ ရွာဖြစ်သည့် အင်းဝိုင်းကြီး၊ အင်းဝိုင်းလေး၊ စခန်းကြီး၊ ညောင်ချောင်း၊ ဝါးခုတ်တော၊ ကြက်တူ‌ရွေးသောင်၊ ရှမ်းစု၊ ဒလပန်း၊ အနန်းပင်၊ အင်းကွဲကျေးရွာတို့မှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)