နေပြည်တော် မတ် ၁၅
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် မြောက်ဦးခရိုင်၊ မြေပုံမြို့ရှိ ဆိပ်ခံတံတားသို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မြေပုံမြို့ရှိ ပညာ့ဗိမာန်ရိပ်သာ ပရိယတ္တိ စာသင်တိုက်၌ အခြေပြု၍ အဆိုပါမြို့အတွင်းရှိကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၄၅၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၇၂ ဦး၊ ခွဲစိတ်ရောဂါ ၄၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၃၉ ဦး၊ ကလေးရောဂါ ၆၈ ဦး၊ အရိုးရောဂါ ၁၉၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉၆ ဦး၊ မျက်စိရောဂါ ၃၃၃ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ မျက်စိခွဲစိတ် လူနာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၉၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၂ ဦးကို နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရ ပါတယ်-
တပ်မတော်ပင်လယ်သွား ဆေးကုသင်္ဘောကြီးလာရောက်မယ်ဆိုတာ ကြေငြာထားပြီး ပါရဂူတွေ လည်းပါမယ်ဆိုတော့ လာရောက်ပြသဖြစ်တာပါ။ ပင်လယ်သွား သင်္ဘောကြီးလာမယ်ဆိုတာ သိတော့ ဝမ်းသာနေတာပါ။ မြေပုံမြို့နယ်က ကျွန်းစုတွေနဲ့ ဖွဲ့စည်းထားတဲ့မြို့နယ်ပါ။ တစ်ခြားမြို့တွေ စစ်တွေတို့ ကျောက်ဖြူတို့ ရန်ကုန်တို့ သွားဖို့ဆိုတာက ဒီကသူတွေက တော်တော်အလှမ်းဝေး ပါတယ်။ သမားတော်ကြီးတွေ ပါရဂူကြီးတွေ မြို့ပေါ်အရောက် အိမ်တိုင်ရာရောက် လာရောက်ကုသ ပေးတဲ့အတွက် အထူးပဲဝမ်းသာမိပါတယ်။ ဒေသခံတွေအတွက်လည်း အကျိုးဖြစ်ထွန်းပါတယ်။ ပါရဂူ တွေက ကိုယ့်မြို့နယ်ထဲကို လာရောက်ကုသပေးတဲ့အတွက် လူတန်းစားမရွေး လာရောက်ကုသ ကြတာပါ။ အလွှာစုံပါပါတယ်။ ကိုယ်ဆီမှာက ရှင်းရှင်းလင်းလင်းပြောရရင် အထွေထွေရောဂါကု ဆရာဝန်ပဲ ရှိပါတယ်။ ပါရဂူကြီးတွေက ကိုယ့်မြို့ကို လာရောက်ပေးတဲ့အတွက် အားကိုးတာလဲ ပါတာပေါ့။ နောင်နှစ်နောင်နှစ်တွေမှာလည်း တစ်နှစ်ကိုတစ်ကြိမ် လာရောက်ကုသပေးစေချင် ပါတယ်။ ဒီလိုမျိုးကုသဖို့စီစဉ်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း အထူးကျေးဇူး တင်ပါတယ်။
သွားရေးလာရေးခက်ခဲတဲ့ ဒေသတွေကို တကူးတကလာရောက်ကုသပေးတဲ့ အထူးကု ဆရာဝန်ကြီးတွေကို ကျွန်တော်ဘက်ကနေပြီး လုပ်အားဒါန ကိုယ်ရှိတဲ့လူအင်အားနဲ့ ကူညီ ဆောင်ရွက်ပေးရလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ အရမ်းကောင်းတဲ့ အစီအစဉ်လိုပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားလာရခက်ခဲတဲ့ဒေသရဲ့ တောသူတောင်သားလယ်သမား မပြည့်မစုံတဲ့ သူတွေအတွက် မြို့ကိုတက်ပြီးဆေးကု သဖို့ဆိုတာရယ်၊ သွားလာရတာရယ်၊ ငွေရေးကြေးရေးရယ်၊ အချိန်ရယ် အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး ကျန်းမာရေးအဆင်ပြေအောင် လုပ်ပေးတဲ့အတွက် အရမ်းအရမ်းကို ကျေနပ်မိပါတယ်။ ဒေသခံတွေ ကိုယ်စား ကျေးဇူးလည်းတင်ပါတယ်။