Skip to main content

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များ ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၅

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိသည်။

ယခုနှစ်တွင် ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်အတွက် နိုင်ငံခြားစာစစ်ဌာန ၃ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန  ၇၅၆ ခု စာစစ်ဌာန စုစုပေါင်း ၇၅၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ဦးရေ စုစုပေါင်း ၄၇၄၃၆ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၃၇၇၂ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၂ ဒဿမ ၂၈  ရာခိုင်နှုန်းရှိကြောင်းနှင့် ဘောဂဗေဒဘာသာရပ်အတွက် နိုင်ငံခြားစာစစ်ဌာန ၃ ခုနှင့် ပြည်တွင်း၌ စာစစ်ဌာန  ၈၅၆ ခု စာစစ်ဌာန စုစုပေါင်း ၈၅၉ ခု ဖွင့်လှစ် ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၃၁၆၁၄ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၁၁၇၀၀၁ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၈ ဒဿမ ၉၀  ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။