နေပြည်တော် မတ် ၁၅
မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပနိုင်ငံများ၏ တပ်မတော်များနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာ အားကောင်းစေရန် အပြန်အလှန်လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများကျင်းပခြင်းနှင့် နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုပိုမိုခိုင်မာ အားကောင်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် မြန်မာ - ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများရေကူးပြိုင်ပွဲ (Myanmar - Russia Cadets Swimming Competition) ဖွင့်ပွဲကို မတ် ၁၄ ရက်တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်အဆင့်မြင့် စာပေဗဟိုဌာန၊ ရေကူးကန်၌ကျင်းပပြုလုပ်ရာ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကိုလေး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ Colonel Dmitry Vladimirovich ZHUCHKOV ၊ ပြင်ဦးလွင်တပ်နယ်မှအရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် နှစ်နိုင်ငံအလံတင်အခမ်းအနားကို ဦးစွာကျင်းပ၍ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားပြီး နှစ်နိုင်ငံဗိုလ်လောင်းများ၏ ယှဉ်ပြိုင် ကစားမှုများကို အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုများရရှိခဲ့ကြသည့် ဗိုလ်လောင်းများကို သက်ဆိုင်ရာတပ်တော် အရာရှိကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲပထမနေ့ အစီအစဉ်များကို ရုတ်သိမ်းလိုက်သည်။
ယနေ့နံနက်ပိုင်းတွင် ရေကူးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အခမ်းအနားတက်ရောက်လာကြသူများက နှစ်နိုင်ငံဗိုလ်လောင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်က အမှာစကားပြောကြားပြီးပြိုင်ပွဲ အသီးသီးတွင် ဆုရရှိခဲ့ကြသည့် နှစ်နိုင်ငံမှ ဗိုလ်လောင်းများကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြပြီး မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ရေကူးပြိုင်ပွဲကို မြန်မာ့တပ်မတော် ဗိုလ်လောင်းများအနေဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုမြှင့်တင်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဗိုလ်လောင်း (၁၂) ဦး နှင့် ရုရှားနိုင်ငံမှ ဗိုလ်လောင်း(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) ရင်ဘောင်တန်းကူး ပြိုင်ပွဲ၊ မီတာ(၂၀၀) လိပ်ပြာ ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) ၄ ယောက်တွဲ လက်ဆင့်ကမ်းအလွတ်ကူးပြိုင်ပွဲ၊ မီတာ (၂၀၀) ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅၀)ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၁၀၀)၄ ယောက်တွဲ လက်ဆင့်ကမ်းလေးမျိုးကူးပြိုင်ပွဲစသည့် ပြိုင်ပွဲများပါဝင်ပြီး ပြိုင်ပွဲကို မတ် ၁၄ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။