နေပြည်တော် မတ် ၁၅
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party) နှင့် မွန်ညီညွတ်ရေးပါတီ (Mon Unity Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီ ရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၀ ပါတီဖြစ်၍ စုစုပေါင်း ၂၆ ပါတီ ဖြစ်ပါသည်။ ယင်း ၂၆ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၀ ပါတီဖြစ်ပြီး၊ အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။