Skip to main content

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်၊ မန္တလေးတိုင်းဒေသကြီးက အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး ပထမရရှိ

မန္တလေး ဩဂုတ် ၉

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ဩဂုတ် ၉ ရက် နံနက် ၀၀ : ၃၀ မိနစ်တွင် မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက online မှ ထုတ်ပြန် ကြေညာခဲ့ရာ မန္တလေးတိုင်း ဒေသကြီးမှ ဖြေဆိုသူဦးရေ ၁၂၇၅၆၀ အနက် ၄၇၈၄၉ ဦး အောင်မြင် ကာ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် ရာခိုင်နှုန်း အကောင်း ဆုံး ပထမရရှိ ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ဖြေဆိုသူ ၉၁၀၂၂၉ ဦးရှိခဲ့ပြီး ၂၉၁၇၉၈ ဦး အောင်မြင် ခဲ့ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၀၆ ရှိခဲ့သည်။ မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုသူ ၁၂၇၅၆၀ အနက် ၄၇၈၄၉ ဦး အောင်မြင်ကာ အောင်ချက် ရာခိုင်နှုန်း ၃၇ ဒသမ ၅၁ ဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံး ပထမရရှိခဲ့သည်။ အောင်ချက်အကောင်းဆုံး ဒုတိယ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူ ၁၂၅၆၀၇ ဦးအနက် ၄၄၁၇၀ အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ၃၅ ဒသမ ၁၇ ရှိခဲ့ကြောင်း သိရသည်။

‘‘၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ကျွန်မတို့ မန္တလေးတိုင်းက တစ်နိုင်ငံလုံးမှာ အောင်ချက် အကောင်းဆုံး ပထမအဆင့် ရရှိခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ရရှိခဲ့တဲ့အတွက် ဒီနှစ် မှာတော့ အောင်ချက် အနေနဲ့ ၁ ဒသမ ၃၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်ကြိမ် ကျရှုံးတဲ့ ကျောင်းသား ကျောင်းသူ တွေအနေနဲ့ အခြေခံပညာကျောင်းကိုပြန်ပြီးတက်ခွင့်ရှိပါတယ်။ တချို့က ကျောင်းပြန်မအပ်တော့ဘူး။ ဒါက မှားနေတယ်။ တစ်နှစ်အတွေ့အကြုံ ရှိပြီးသား ကလေးတွေ အနေနဲ့ ကျောင်းပြန်တက်ရင် ကျိန်းသေ အမှတ်ကောင်းကောင်းနဲ့ အောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းအုပ် ကြီးတွေနဲ့ ဆရာ ဆရာမတွေက ဒီနှစ် ကျရှုံးတဲ့ကလေးတွေကို ကိုယ့်ကျောင်း ကို ပြန်ပြီးတက်ကြဖို့ ဖိတ်ခေါ်စေချင်သလို မိဘတွေကလည်း ကျောင်းပြန် အပ်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။ ကလေးတွေကလည်း စိတ်ဓာတ်မကျဘဲ ကျောင်းရင်ခွင်ကို အမြန်ဆုံးပြန်လာ ကြဖို့ သတင်း စကားပါးချင်ပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်က ပြောသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို အွန်လိုင်း မှ ထုတ်ပြန်ကြေညာပေးမှုအပေါ် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ သည့် မန္တလေးမြို့ KMC ကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ဖြိုးသူရိန်လင်းက ‘‘မိဘတွေနဲ့ သင်ကြား ပေးတဲ့ကျောင်းအတွက် ဂုဏ်ပြုပေး နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် အခုလို ၆ ဘာသာဂုဏ်ထူးနဲ့ အောင်မြင် ခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ ဆန္ဒတွေ ပြည့်ဝသွားလို့ အလွန်ကို ပျော်ရွှင်နေ ပါတယ်။ ဒီနှစ်အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်ရတဲ့အတွက် စောစောသိရလို့ ဝမ်းသာရသလို အောင်စာရင်း ကြေညာတဲ့အချိန်မှာ လည်း လိုင်းမတက်လို့ စောင့်နေရတဲ့ အခိုက်အတန့်မှာ စိတ်တွေလှုပ်ရှားခဲ့ ပါတယ်’’ ဟု ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၉ ဦးနှင့် မန္တလေးလူငယ် သင်တန်းကျောင်းမှ တစ်ဦးတို့ ဝင်ရောက် ဖြေဆိုခဲ့ကြရာ အောင်မြင် သူ စုစုပေါင်း ၄၈ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၅၇ ရှိကာ ၎င်းတို့အနက် သုံးဘာသာဂုဏ်ထူးရှင် ရှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦးရှိခဲ့ကြောင်း မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိက ပြောကြားသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)