နေပြည်တော် မတ် ၁၄
ပြည်ပနိုင်ငံများတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ တက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပခရီးစဉ်များ သွားရောက်ခဲ့သူများ မိမိတို့လေ့လာခဲ့သည်များကို ပိုမိုနားလည်သိရှိနိုင်စေရန်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိ အကြီးအကဲများအနေဖြင့် နိုင်ငံတကာက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအစီအစဉ်များကို ခေတ်နှင့်အညီသိရှိပြီး လိုက်ပါဆောင်ရွက်နိုင်စေရန်၊ တက်ရောက်လာသူ ဝန်ထမ်းများအနေဖြင့်လည်း ဘာသာရပ်များအကြောင်း သိရှိစေပြီး ဌာန အချင်းချင်း ပိုမိုပူးပေါင်းလုပ်ဆောင်မှုအားကောင်း စေရန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ ရုံးလုပ်ငန်းကျွမ်းကျင်မှု၊ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ IT နည်းပညာများ ကျွမ်းကျင်မှုရှိရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းနှင့် IT ကျွမ်းကျင်မှုရှိစေရန် ဝန်ကြီးဌာနအနေဖြင့် အခြေခံနှင့်အဆင့်မြင့်ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အထူးသဖြင့် သစ်လွင်ဝန်ထမ်းများအတွက် IT နည်းပညာသာမက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရန် သင်ကြားပေးလျက် ရှိပါကြောင်း၊ ထို့အတူဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာကျွမ်းကျင်မှုရှိရန်လည်း လိုပါကြောင်း၊ ယခုကဲ့သို့ ပြန်လည် ရှင်းလင်းတင်ပြခြင်းဖြင့် Public Speaking Skill တိုးတက်လာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အတွေ့အကြုံများမျှဝေ
အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်တွင် ထိုင်းနိုင်ငံ၌ Strengthening Disability - Inclusive Disaster Risk Reduction (DIDRR)in the ASEAN Region သင်တန်းတက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး၊ ထိုင်းနိုင်ငံ၌ Ministry of Social Development and Human Security လက်အောက်ရှိ ဂေဟာများတွင် လက်ခံစောင့်ရှောက် ထားသော မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ ပြန်လည်ခေါ်ယူရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် သွားရောက်ရေးကိစ္စဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အရာထမ်းနှစ်ဦးနှင့် စင်ကာပူနိုင်ငံ၌ အာဆီယံအရေးပေါ်ဆက်သွယ်ရေးကွန်ရက်နှင့် ဆက်သွယ်ရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်းနှစ်ဦးတို့က ဘာသာရပ်ဆိုင်ရာများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာသော အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခြင်း၊ အပြန်အလှန် အတွေ့အကြုံများမျှဝေခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ပြည်ပနိုင်ငံများတွင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ တက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို မတ် ၁၅ ရက်အထိ နှစ်ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်