Skip to main content

မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်ကို အားကောင်းစေမည့် လမ်းပြမြေပုံရေးဆွဲခြင်းဖြင့် ကျေးလက်နေလုပ်ကွက်ငယ် ပဲစိုက်တောင်သူများ၏ လူနေမှုဘဝနှင့်လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေမည်

နေပြည်တော် မတ်  ၁၄

မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေးလမ်းပြမြေပုံ မိတ်ဆက်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ SEARCA မှ ညွှန်ကြားရေးမှူး ဒေါက်တာဂလန်းဂရီဂိုရီယို၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် ကုန်သွယ်ရေးဦးစီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်ကို အားကောင်းစေမည့် လမ်းပြမြေပုံရေးဆွဲ ခြင်းဖြင့် ကျေးလက်နေလုပ်ကွက်ငယ် ပဲစိုက်တောင်သူများ၏ လူနေမှုဘဝနှင့်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေးစားရေရိက္ခာ ဈေးကွက်ရှိ လုပ်ကွက်ငယ်တောင်သူများ ပေါင်းစည်းဆောင်ရွက်နိုင်ရေး၊ အားလုံးပူးပေါင်းပါဝင်သော လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးနှင့် ဈေးကွက်ပူးပေါင်းဆောင်ရွက်မှုတို့ကို အထောက်အကူဖြစ်စေမည့်မူဝါဒများ ဖွံ့ဖြိုးလာစေရေးအပြင် အဆိုပါ မူဝါဒများ အကောင်အထည်ဖော်ရာတွင် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်၍ ပဲမျိုးစုံတန်ဖိုးကွင်းဆက်မြှင့်တင်ရေးလမ်းပြမြေပုံ ရေးဆွဲရာတွင် ပါဝင်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပပညာရှင်များ၏ စိတ်အားထက်သန်စွာ အားထုတ်ကြိုးပမ်းမှုနှင့် ပံ့ပိုး ပေးမှုတို့ကို အထူးကျေးဇူးတင်ရှိကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအပါအဝင် ပဲစိုက်ပျိုးထုတ်လုပ်မှုနှင့်ပဲစျေးကွက်တို့ ပိုမိုပေါင်းစည်းချိတ်ဆက်နိုင်ရေးအတွက် ယခုလမ်းပြမြေပုံပါ ဆောင်ရွက်ရန် လုပ်ငန်းများကို အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ SEARCA မှ ညွှန်ကြားရေးမှူး ဒေါက်တာဂလန်း ဂရီဂိုရီယိုက မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး လမ်းပြမြေပုံကို သုံးသပ်ဆွေးနွေးပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး လမ်းပြမြေပုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

လမ်းပြမြေပုံကိုပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး လမ်းပြ မြေပုံကို ပေးအပ်ကြရာSEARCA ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်၊ ကျွမ်းကျင်ပညာရှင်များက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲမျိုးစုံအများဆုံးထုတ်လုပ် တင်ပို့သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ပဲမျိုးစုံစိုက်ဧက ဟက်တာ ၃ ဒသမ ၉၅ သန်းခန့်ရှိကာ ပြည်ပတင်ပို့သည့် စိုက်ပျိုးရေး ထုတ်ကုန်များအနက် အများဆုံးတင်ပို့သည့် သီးနှံလည်းဖြစ်သည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပြည်ပတင်ပို့ကုန် ရရှိငွေစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့်ရှိသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇ ဘီလီယံခန့်ကို ပဲတင်ပို့မှုမှ ရရှိခဲ့သဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပဲစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်သူအားလုံး အကျိုးစီးပွားဖြစ်ထွန်းစေရေး တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

နည်းပညာများပံ့ပိုးကူညီ

ပဲအခြေခံစိုက်ပျိုးစီးပွားရေးလုပ်ငန်းများဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝနှင့် ဝင်ငွေဖန်တီးပေးခြင်းဖြင့် ဆင်းရဲမှု လျှော့ချပြီး လုပ်ကွက်ငယ် ပဲစိုက်တောင်သူများ၏ လူမှုစီးပွား အခြေအနေ တိုးတက်မြင့်မားလာစေရေး၊ မြန်မာနိုင်ငံ၏ ပဲအများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အနေအထားကို ထိန်းသိမ်းပြီးပဲဈေးကွက် ပေါင်းစည်းခြင်းနှင့် ပြည်ပဈေးကွက် ချဲ့ထွင်နိုင်စေခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ပဲမျိုးစုံထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာ စေရေးတို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်မည့် မြန်မာ့ပဲမျိုးစုံ တန်ဖိုးကွင်းဆက်မြှင့်တင်ရေးလမ်းပြမြေပုံ ဖြစ်ပေါ်လာစေရန် နိုင်ငံတကာ စားရေရိက္ခာမူဝါဒသုတေသနအဖွဲ့ (IFPRI)နှင့် အရှေ့တောင်အာရှ ဒေသဆိုင်ရာ စိုက်ပျိုးရေးပညာနှင့် သုတေသနဌာန (SEARCA)တို့က နည်းပညာများပံ့ပိုးကူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်