Skip to main content

မြန်မာ့သမိုင်းစဉ်နှင့်ပတ်သက်၍ တူးဖော်သုတေသနများမှ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် မတ် ၁၄

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် ကြေးခေတ်၊ သံခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်များဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်များ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် လက်တွေ့ ကွင်းဆင်းတူးဖော်မှုဆောင်ရွက်နေကြသော အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ တက်ရောက်လာကြသော နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် မျိုးဆက်သစ်ဝန်ထမ်းများလည်း ပါဝင်ဆွေးနွေးစေလိုကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းတူးဖော်သုတေသနပြုမှုအရ ကွင်းဆက်ပြတ်နေသော ကြေးခေတ်၊ သံခေတ်သည် မြန်မာ့သမိုင်းစဉ်တွင်ရှိခဲ့ပြီး မြန်မာသမိုင်း၏ ခေတ်ကာလအစဉ်အလိုက် အဆင့်ဆင့်ကူးပြောင်းခဲ့သည့် ပြည့်စုံမှန်ကန်သော အထောက်အထားများကို ပြည်သူလူထုအတွက် ဖော်ပြနိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာ ဓာတ်ခွဲခန်းများမှ သုတေသနပြုတွေ့ရှိချက်များနှင့် သက်တမ်းများကိုပါ တိကျစွာရေးသားထားသည့် ခိုင်မာသည့်မှတ်တမ်းအနေဖြင့် ကြေးခေတ်၊ သံခေတ်ကို ရေးသားထားကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများနှင့် သုတေသနပြုလုပ်ငန်းများသည် လွန်စွာအရေးပါ သည့်အလျောက် ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်နှင့် ပူးတွဲသုတေသနပြုသူ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန ပါမောက္ခ ဒေါ်ကလျာမြတ်မြတ်ထွေးတို့က မြန်မာနိုင်ငံကြေးခေတ်၊ သံခေတ်နှင့်ပတ်သက်၍ ကွင်းဆင်း‌၊ တူးဖော်လေ့လာမှုများမှ တွေ့ရှိချက်တို့ကို စုစည်းပြုစုထားသည့် “မြန်မာ့သမိုင်းမတင်မီခေတ် ကြေးခေတ်၊ သံခေတ်တူးဖော်မှုများမှတွေ့ရှိရသော အထောက်အထားများ” ကိုတင်ပြပြီး ပူးတွဲသုတေသနပြုခဲ့သည့် ရှေးဟောင်းသုတေသနပညာရှင် ဦးပေါက်ပေါက်က ဖြည့်စွက်တင်ပြရာ တက်ရောက်လာသူများက ပြင်ဆင်ဖြည့်စွက်လိုသည်များကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောက်ခေတ်၊ ကြေးခေတ်များနှင့်ပတ်သက်သော အထောက် အထားများ ပိုမိုတွေ့ရှိနိုင်ရန် မတူးဖော်ရသေးသော ဒေသများအား နှစ်စဉ်ဘဏ္ဍာငွေလျာထား၍ သုတေသနလုပ်ငန်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်များ တစ်ဆက် တစ်စပ်တည်းရှိသော နေရာများကို တူးဖော်သင့်ကြောင်း၊ တူးဖော်မှုလုပ်ငန်းများသည် သမိုင်းကို ကူးပြောင်းရေးသားရန်အတွက် အထောက်အထားဗဟိုပြုသည့် ကောက်ချက်များဖြစ်ရန် လိုအပ်ကြောင်း ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်