Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်ဖြေဆိုနေမှုနှင့် စစ်တွေတက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် မတ် ၁၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့နယ် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲဖြေဆိုကြ မည့် ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် ကျောင်းသားမိဘများနှင့် ရပ်မိ ရပ်ဖတို့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းနောက် ၂၀၂၃ နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် အေးချမ်းစွာဖြေဆို နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားပြီး အဆိုပါကျောင်းများရှိ တည်ဆောက်နေဆဲ စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တူ စစ်တွေတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်တွင် ကျင်းပနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နေ့သင်တန်းစာမေးပွဲဖြေဆို နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် စစ်တွေတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ စစ်တွေတက္ကသိုလ်၏ နေ့သင်တန်းစာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၆၃၈၄ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက် တန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေ မြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မကျဉ်းမြိုင်၊ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၊ အမှတ်(၄) အခြေခံ ပညာအလယ်တန်းကျောင်း(ရူပမြောက်)၊ အခြေခံ ပညာမူလတန်းကျောင်း (ရူပမြောက်)၊ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (လမ်းမတော်တောင်)၊ အခြေခံ ပညာအလယ်တန်းကျောင်း (ကျေးတော)နှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း (မင်းဂံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရခိုင်ပြည်နယ်တွင် ခရိုင် ခုနစ်ခု၊ မြို့နယ် ၁၇ မြို့ရှိ စာစစ်ဌာန ၅၆ ခုတွင် ရူပဗေဒဘာသာရပ် စာမေးပွဲ ဖြေဆိုရန် ၁၂၃၇၃ ဦး စာရင်းပေးသွင်းကြပြီး ၁၀၈၂၁ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်သည်။

ယနေ့ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်ကို မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၃၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာန ငါးခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၃ ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၃၅၅၉၂ ဦး စာရင်းပေးသွင်းကြပြီး ၁၂၂၅၄၄ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၉၀ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်