Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်ရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ

မိတ္ထီလာ မတ် ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။ ထို့နောက် ခရိုင်ရုံးတွင် စေတနာဆရာမနှင့် ပူးပေါင်းဖွင့်လှစ်ထားသော နွေရာသီဂျပန် စကားပြောသင်တန်း  တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသားများအား တွေ့ဆုံပြီး အသိပညာဗဟုသုတ ရှာဖွေဆည်းပူးရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

ထို့နောက် ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ယင်းနောက် မြို့နယ်ရုံးတွင် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ညှိနှိုင်းဖွင့်လှစ်ထားသော ရှေးဦးသူနာပြုစုနည်းသင်တန်းကို ကြည့်ရှုပြီး နည်းပြကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများအား တွေ့ဆုံ၍ ပညာကိုကြိုးစားသင်ယူရေး၊ လူမှုရေးရာ ကိစ္စရပ်များတွင် စိတ်ပါဝင်စားရေးနှင့်ပတ်သက်၍ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး မြို့နယ်မြန်မာ့ရိုးရာသိုင်း ဆပ်ကော်မတီနှင့်ပူးပေါင်းဖွင့်လှစ်ထားသော အခြေခံသိုင်းပညာ သင်တန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ထားသော Fitness Dance သင်တန်းတို့ကိုကြည့်ရှုပြီး သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသား၊ ကျောင်းသူ ကျောင်းသားများအား တွေ့ဆုံ၍ ဗလငါးတန်နှင့်ပြည့်ဝသော ပညာတတ်လူတော် လူကောင်းများဖြစ်အောင်  ကြိုးစားကြရန်မှာကြားသည်။

ထို့နောက် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ သာစည်မြို့နယ်နှင့်မလှိုင်မြို့နယ်တို့မှ ဦးစီးမှူးများ၊ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှူးတို့အား  တွေ့ဆုံသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် နွေရာသီကာလ ကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများနှင့်သင်တန်းများ ဖွင့်လှစ်သင်ကြားရေး၊ ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် ၆ ချက်နှင့်အညီ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြရေး၊ နွေရာသီဖြစ်၍ ရုံးအဆောက်အအုံများ မီးဘေးအန္တရာယ်ကာကွယ်ရေးတို့ကို မှာကြားသည်။

မိတ္ထီလာခရိုင်(ပြန်/ဆက်)