ရန်ကုန် မတ် ၁၄
မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ၂/၂၀၂၃ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် စာရင်းပညာနှင့်စာရင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်ပါကြောင်း၊ စာရင်းပညာရပ်များ အစဉ်တစိုက် ခေတ်မီတိုးတက်စေရေး၊ စာရင်းပညာရှင်များ တိုးပွားစေရေး၊ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာမှု မြင့်မားစေရေး၊ စာရင်းစံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရေးတို့သည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ပါ၍ Regulatory Body တစ်ရပ်အနေဖြင့် ရပ်တည်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ် လုံးတွင် စာရင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ တာဝန်ပေးမှုများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုတာဝန်များကို ဆောင်ရွက်ရာတွင် ကိုယ်ကျင့် သိက္ခာနှင့် အလေ့အကျင့်ကောင်းများ ပြည့်မြောက်အောင်မြင်စေရေး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အလုပ်အမှုဆောင် အဖွဲ့ဝင်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို အစီအစဉ်အတိုင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း နာယကများ၊ မြန်မာနိုင်ငံစာရင်းကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင် (၂) ဦးတို့က Online ဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ် ရေးကောင်စီ အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ကော်မတီဝင်များ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်