Skip to main content

ဒုတိယဝန်ကြီး ဦးလှကျော် ဧရာဝတီမြစ်နှင့် ငဝန်မြစ် ရေတားတာများကြံ့ခိုင်မှုနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက ဟင်္သာတ ကမ်းနားတာ (အိပ်ပျက်)တွင် တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းနှင့် ဖြတ်တာသစ်တွင် ရေဝင်ရောက် မှုအခြေအနေများ၊ မြစ်ကမ်းကာကွယ်ခြင်းလုပ်ငန်း၊ လှိုင်းကာတန်းရိုက်ခြင်းလုပ်ငန်း၊ ကမ်းပြိုကမ်းစားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ် ဧရာဝတီ-ဟင်္သာတ တာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံသို့ ရောက်ရှိစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ် ကျော်နှင့် တာဝန်ရှိသူများက ဟင်္သာတ ကမ်းနားတာ တာမိုင် ၅ မိုင်၊ ၂ ဖာလုံနှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံတွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာသစ် အခြေအနေများကို လည်းကောင်း၊ ဖြတ်တာသစ်အား ကြံ့ခိုင်မှုရှိစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားမှု အခြေအနေများကို လည်းကောင်း၊ ဟင်္သာတခရိုင်အတွင်း ကမ်းပြိုကမ်းစားမှု အခြေအနေ များနှင့် ရေကင်းစခန်း ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပါ် ဒုတိယဝန်ကြီးက ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြို့ရွာ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မထိခိုက်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်မှု၊ မြစ်ရေစီးဆင်းမှု လမ်းကြောင်းအရ ကမ်းပြိုကမ်းစားမှုအခြေအနေများ လျော့နည်းသက်သာစေရန် သက်ဆိုင်ရာဌာန များ၊ တာဝန်ရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြစ်ရေတိုက်စား မှုကြောင့် ဖြစ်ပေါ် လာမှုသည် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်နှင့် ဖြတ်တာသစ်တွင် တာအိတာလျှောခြင်းများ မဖြစ်ပေါ်စေ‌ရန်၊ မြစ်ရေစီးကြောင်း‌ကြောင့် ကမ်းပြိုကမ်းစားခြင်းနှင့် ထိခိုက်ဆုံးရှုံးမှုအပေါ် ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများအား ဝိုင်းဝန်း ပူးပေါင်း၍ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဟင်္သာတကမ်းနားတာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံ ဦးမိုးလေး (ဖြတ်တာ-၁) ကမ်းပြိုကမ်းစားမှု အခြေအနေများ၊ ဟင်္သာတကမ်းနားတာ တာမိုင် ၅ မိုင်၊ ၂ ဖာလုံနှင့် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၄ မိုင်၊ ၆ ဖာလုံတွင် တည်ဆောက်ပြီးစီးသည့် ဖြတ်တာအသစ်၊ ရေကင်း စခန်းများနှင့် မြစ်ရေစီးကြောင်း ပြောင်းလဲမှုအား မြစ်ကမ်းနံရံမှ သွေဖည်သွားစေရေး ဆောင်ရွက် ထားရှိမှု များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြန်အောင်မြို့နယ် မြန်အောင်တာ တာမိုင် ၆ မိုင်၊ ၃ ဖာလုံ နှင့် ၆ မိုင်၊ ၇ ဖာလုံ သို့ရောက်ရှိပြီး ကမ်းရင်းတာ၊ ပန်းတာနှင့် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ကမ်းပြို ကမ်းစားမှု ကာကွယ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ဆက်လက် ကမ်းပြိုမှုမရှိစေရေး ဆောင်ရွက်ထားမှု၊ ဟင်္သာတခရိုင်အတွင်း ရေဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် အရေးပေါ်အသုံးပြုနိုင်ရန် စက်ယန္တရားကြီးများ အသင့်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ် ခရိုင် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ် များသို့ ရောက်ရှိပြီး ငဝန်တာ တာမိုင် ၄၅ မိုင် မှ ၄၆ မိုင် ၂ ဖာလုံ အခြေအနေကို ကြည့်ရှုစစ်ဆေးကာ မြစ်ရေကြီးချိန်တွင် ငဝန်တာတမံ ကျိုးပေါက်မှု မရှိစေရေး စနစ်တကျကာကွယ် ထိန်းသိမ်းကြရန်နှင့် ကမ်းပြိုကမ်းစားမှုမရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မိုးရာသီသို့ရောက်ရှိလာပါက တာတမံများ၏ အရေးကြီးနေရာ များအား ဂရုပြုစောင့်ကြည့်ခြင်း၊ ပြည်သူများအား ရေဘေး ကာကွယ်ရေး သရုပ်ပြပွဲများဆောင်ရွက် ပေးခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergency Prepareness Plan - EPP) လုပ်ငန်းစဉ် များ ရေးဆွဲ၍ လုပ်ငန်းစဉ်အဆင့် (၁)၊ (၂)၊ (၃) သတ်မှတ်ကာ လုပ်ငန်း အဆင့်အလိုက် သတင်းပို့စနစ် ကျင့်သုံးနိုင်ရန် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

မိုးရာသီကာလများတွင် ဧရာဝတီ-ဟင်္သာတ တာတမံ များတစ်လျှောက် ဌာနရေကင်းတဲများကို ကြံခင်းမြို့နယ်တွင် တစ်ခု၊ မြန်အောင်မြို့နယ်တွင် ရှစ်ခု၊ အင်္ဂပူမြို့နယ်တွင် ၁၁ ခု၊ ဟင်္သာတ မြို့နယ်တွင် ၁၃ ခု၊ ဇလွန်မြို့နယ်၊ ဧရာဝတီ ဟင်္သာတတာတွင် ခုနစ်ခုနှင့် ဧရာဝတီအရှေ့ဘက်ကမ်း တာတွင် လေးခု ပေါင်း ၁၁ ခု၊ ငဝန်တာတစ်လျှောက် လေးမျက်နှာမြို့နယ်တွင် လေးခုနှင့် ဟင်္သာတ ခရိုင်တွင် စုစုပေါင်း ၄၈ ခု ကိုလည်းကောင်း၊ ငဝန်တာတမံတစ်လျှောက် ရေကြည်မြို့နယ်တွင် ဌာနမှ ရေကင်းစခန်း လေးခုနှင့် သာပေါင်းမြို့နယ်တွင် ဌာနမှ ရေကင်းစခန်း လေးခု စုစုပေါင်း ရေကင်းစခန်း ရှစ်ခု ကိုလည်းကောင်း တည်ဆောက် ထားပြီး ရေဘေးကာကွယ်ရေးပစ္စည်းများ ထားရှိကာ မိုးရာသီ၌ ရေကြီးမှုဖြစ်စဉ်များအား အချိန်နှင့် တစ်ပြေးညီ ရေကင်းလှည့်လည်ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများကို ပုသိမ်ခရိုင်အတွင်း ရေကြည်၊ သာပေါင်း၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်များအပါအဝင် စုစုပေါင်း ရေဘေးကာကွယ် ဧရိယာ ၂၁၀၆၇၆ ဧကရှိသော ငဝန်တာတွင် မိုးရာသီ ရေဘေး ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ချောင်းမြောင်း ၁၅၇ မြောင်း၊ အရှည်မိုင် ၄၉၈ မိုင် တူးဖော်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်