နေပြည်တော် မတ် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ တွင်းထွက်နှင့်သဘာဝသယံဇာတပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၊ ရေထွက်ပစ္စည်းများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများကို နည်းပညာအသုံးပြု၍ အဆင့်မြင့်ပရိဘောဂပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နိုင်မှုနှင့် စက္ကူပျော့ဖတ်များထုတ်လုပ်နိုင်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေးအတွက် ရုရှားနိုင်ငံအနေဖြင့် သုတေသနပြုဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်လက်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်တို့ တက်ရောက်ကြပြီးရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။