Skip to main content

ထိုင်းနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့

နေပြည်တော် ဩဂုတ် ၉

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံမှ အခက်အခဲကြုံနေရသည့် မြန်မာနိုင်ငံသား ၈၃ ဦးတို့အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် (၆) ကြိမ်မြောက်အဖြစ် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ၂၁ ရက်တာ အသွားအလာ ကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်