ရန်ကုန် သြဂုတ် ၉
ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို မင်္ဂလာဒုံမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် ယနေ့နံနက် ၈ နာရီ၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် တာဝန်ရှိသူများ ငါးမွေး တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ ကိုဗစ် − ၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ရေလုပ်ငန်းကဏ္ဍ၌ စျေးနှုန်းများအထိုက်အလျောက် ကျဆင်းခြင်း၊ ရောင်းအား လျော့နည်းခြင်းနှင့် ငါးမွေးမြူရေးဆိုင်ရာပညာရှင်များ၊ လုပ်သားအင်အားများ သွားလာခွင့် ကန့်သတ်မှုများကြောင့် အခက်အခဲများကြုံခဲ့ရကြောင်း၊ အဆိုပါ ထိခိုက်ဆုံးရှုံးမှုများကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန်နှင့် ကိုဗစ် − ၁၉ ရောဂါ ကာလအလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် နိုင်ငံတော် အစိုးရမှ ငါးမွေးတောင်သူများကို ငါးသားပေါက်များ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ရန်ကုန်တိုင်းဒေသကြီး သည် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သောဒေသဖြစ်သည့်အတွက် ငါးမွေးကန် ဧက ( ၆၇၃၂၈ . ၁၉ ) အတွက် ငါးသားပေါက်ကောင်ရေ သိန်း (၁၃၄၆ . ၅၆) ကောင် ဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်းနှင့် ငါးကဏ္ဍသည် ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေ ရှာဖွေပေးလျှက်ရှိရာ ကိုဗစ် − ၁၉ ရောဂါကြောင့် ကြန့်ကြာခြင်းမျိုး မဖြစ်စေဘဲ လုပ်ငန်းကွင်းဆက်အလိုက် ဆောင်ရွက်သွားရန် ငါးသားပေါက်များကို ယခုလိုထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထောက်ပံ့ပေးအပ်သော ငါးအမျိုးအစားမှာ ငါးမြစ်ချင်း အမျိုးအစားဖြစ်ပြီး ယနေ့မင်္ဂလာဒုံမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းမှ ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာရှိ ငါးမွေးတောင်သူများ၏ ငါးမွေးကန် ဧက ၂၅၀ အတွက် ငါးသားပေါက်ကောင်ရေ ၅ သိန်းကျော်ကို ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ပေးအပ်ခဲ့ကြသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ လေးထောင့်ကန်ရှိ ငါးလုပ်ငန်း စခန်းတွင်လည်း အလားတူ ငါးလုပ်ငန်းတောင်သူများ၏ ငါးမွေးကန်ဧက ၂၅၀ တို့အတွက် ငါးသားပေါက်ကောင်ရေ ၅ သိန်းကျော်ကို နံနက် ၁၀ နာရီက ပေးအပ်ခဲ့ကြပြီး ရန်ကုန်တိုင်းအတွင်း ကျန်ရှိသည့် ငါးမွေးတောင်သူများထံသို့လည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)