နေပြည်တော် မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား PDF အမည်ခံ အကြမ်းဖက်သမားများက Drone ယာဉ်များအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ရုံးဝန်ထမ်းအမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား ယနေ့နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နွားထိုးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါရုံး၏ အနောက်တောင်ဘက်မှ Drone ယာဉ် ၁ စင်းဖြင့် Drop Bomb ၃ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိကာ ရုံးတံခါးပေါက်မှန် ၈ ချပ် ကွဲအက်ပျက်စီးသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် သေဆုံး/ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထိုသို့ဆင်ခြင်တုံတရားမဲ့စွာ အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေသော PDF အမည်ခံအကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။