နေပြည်တော် မတ် ၁၂
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များလိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ကျောက်ဖြူမြို့နယ် စနဲမြို့ ရေတပ်ဆိပ်ခံတံတားသို့ရောက်ရှိရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့သည် စနဲမြို့တိုက်နယ်ဆေးရုံ၌အခြေပြု၍ အဆိုပါမြို့အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၀၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၂ ဦး၊ ခွဲစိတ်ရောဂါ ၅၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၃ ဦး၊ ကလေးရောဂါ ၃၇ ဦး၊ အရိုးရောဂါ ၁၅၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၇ဦး၊ မျက်စိရောဂါ ၂၅၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၂ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၅၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရသည် -
“ဆီးလမ်းကြောင်းမှာ ကျောက်တည်တယ်ဆိုပြီးတော့ ရန်ကုန်မှာနေတုန်းက ဆေးခန်းမှာပြခဲ့တယ်။ အဲဒါကြောင့် ဒီမှာအာထရာဆောင်း လာပြီးရိုက်တာပါ။ ကျေးဇူးတင်ပါတယ်။ ဘာလို့ဆို ဒီလိုခက်ခဲနေတဲ့အချိန်မှာ ပိုက်ဆံမကုန်ဘဲ လာပြလို့ရတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ အရမ်းကြီး ဒီလိုမျိုး အာထရာဆောင်းရိုက်မယ်ဆိုရင် ဒီမှာကရိုက်လို့သိပ်အဆင်မပြေဘူး။ ရန်ကုန်တွေ၊ ကျောက်ဖြူတွေသွားရတော့ ပိုက်ဆံတွေကုန်ပါတယ်။ ဒီမှာကျတော့ ဒီလိုမျိုးပြလို့ရတယ်ဆိုတော့ အဆင်ပြေတာပေါ့။ လာစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်မသိလိုက်လို့ လာမပြလိုက်ရတဲ့ လူလဲရှိမယ်။ နောက်တစ်ခါလာပြမယ်ဆိုရင် ပိုပြီးအဆင်ပြေသွားတာပေါ့။ ဒီထက်လည်းအများကြီး ကုပေးနိုင်ပါစေ။ နိုင်ငံတော်အကြီးအကဲနှင့် ဆေးကုပေးတဲ့ဆရာဝန်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။”
“ကျွန်မတို့က ကျောက်ဖြူခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရဲ့ဥက္ကဋ္ဌ ကျွန်မတို့ ဒါပရဟိတအဖွဲ့ပေါ့နော်။ ကျွန်မတို့အဲဒီအသင်းအဖွဲ့အနေနဲ့ ကျွန်မတို့ဒီဒေသမှာလာပြီး ပူးပေါင်းဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဒီလိုမျိုးဝေးလံခေါင်းပါးတဲ့ စနဲမြို့လေးကိုလာရောက်ပြီးတော့ ဆေးကုသဖို့စီစဉ်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သံလွင် စစ်သင်္ဘောရေယာဉ်ပြီးတော့ ဆေးလာကုသပေးတဲ့ ပါရဂူကြီးတွေ၊ ဆရာဝန်ကြီးတွေနဲ့တကွနောက်ပြီးတော့ ကျန်းမာရေးနယ်လှည့်ဆေးကုသရေးအဖွဲ့တွေရော ကျေးဇူးအများကြီးတင်ပါတယ်။ အဲလိုမျိုးလာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့က အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ အများကြီးအကျိုးရှိတာပေါ့ရှင်။ ကျွန်မတို့ ဒီစနဲဆိုတာက မြို့ပေါ်မှာသွားပြီးတော့ ပါရဂူတွေနဲ့သွားပြရတာပေါ့။ ကျွန်မတို့မှာ တိုက်နယ်ဆေးရုံလောက်ပဲရှိတဲ့အခါကျတော့ ခက်ခဲတယ်။ နောက်သွားရေးလာရေးဝေးလံတယ်။ နိုင်ငံတော်အကြီးအကဲကြီးတွေက ကျွန်မတို့ဒေသအတွက်ကိုလေ စက်တွေကော၊ ဆရာဝန်ကြီးတွေကော ယန္တရားကြီးတွေနဲ့ သေချာလေး လာပြီးတော့ကုပေးတဲ့အတွက်ကြောင့် လာပြတဲ့သူတွေဟာဆိုရင် ထောင်နဲ့ချီရှိပြီး ကျွန်မတို့တောင် မနိုင်မနင်းဖြစ်ရပါတယ်။ ကျွန်မတို့ကလေ အခုဆိုဒီသံလွင်စစ်သင်္ဘောကြီးမှာ မျက်စိအတွင်းတိမ် ဖြစ်တယ်ဆိုရင် ချက်ချင်းခွဲပေးတာပေါ့နော်။ အဲဒါဆိုတော့ သူတို့ကပိုက်ဆံကုန်ကျစရိတ် နောက်ပြီးတော့အချိန်ပေါ့နော် အများကြီးသက်သာတယ်။ ချက်ချင်းမျက်စိအလင်းပြန်ရတဲ့အတွက်ကြောင့် ကျွန်မ တို့ ဒေသခံတွေ စနဲမြို့သူ မြို့သားတွေကအရမ်းကို ဝမ်းသာကြည်နူးကြတယ်။ နောက်ပြီးတော့ အခြားသောအရိုးတို့၊ သွားတို့ဆိုရင် ချက်ချင်းကုပေးတာ။ အဲ့လိုမျိုးဆိုတာ ကျွန်မတို့မှာ တစ်ခါမှမကြုံဖူးဘူးပေါ့နော်။ ကျွန်မတို့က အတိုင်းမသိကျေးဇူးလည်းတင်တယ်။ ကျွန်မဆုတောင်း ပေးချင်တာကတော့ ကျွန်မတို့ရဲ့နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး မိသားစုတွေနောက်ပြီးတော့ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဆရာဝန်ကြီးတွေ၊ ပါရဂူကြီးတွေနဲ့ ကျန်းမာရေးအသင်းအဖွဲ့တွေ၊ Volunteer အဖွဲ့တွေ၊ နောက်ပြီးတော့ သံလွင်စစ်သင်္ဘောရေယာဉ်အဖွဲ့တွေ၊ အရာရှိကြီးတွေကော အကုန်လုံးကို ကျေးဇူးတင်ရှိပါတယ်။ နောက်နောင်လည်း ကျွန်မတို့ရဲ့ဒေသကို ယခုလိုလာရောက်ဆေးကုသပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဆုတောင်းမေတ္တာပို့ပါတယ်။ နောက်ပြီးတော့ ဒီဒေသရဲ့ကိုယ်စားအလွန်ပဲဝမ်းသာလို့ ဒီထက်မကစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ရှိပါစေလို့ ကျွန်မကဆုတောင်းမေတ္တာပြုပါတယ်ရှင်။”
သတင်းစဉ်