Skip to main content

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၂

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၇ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်အတွင်းမှ တရားဝင်စာရွက် စာတမ်းတင်ပြ နိုင်ခြင်းမရှိသည့် Dji Drone တစ်စင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၈၀၀၀၀ ကိုလည်းကောင်း၊ မတ် ၉ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော Oil Filter ၉၀၁၄ ခုအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၃၅၀၄၀ ကိုလည်းကောင်း၊ မတ် ၁၀ ရက်တွင် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Kanjove Electric Tea Pot Double Cooker ၈၄ လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၄၄၀၀၀ ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၅၉၀၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၉ ရက်တွင် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော ကြွေပြားချပ်ဖာ ၅၉၀ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၆၁၉၅၅၀နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Hino Profia Truck တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀ကိုလည်းကောင်း၊ မတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Knit Fabric ၅၀၀၀ ကီလိုဂရမ်၊ Iron Pipe Fitting ၁၈၀၀ ကီလိုဂရမ် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၁၄၆၀၀၀နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Mitsubishi Fuso Truck တစ်စီး၊ Hyundai KMEFG Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀ ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇၇၆၅၅၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၂၆ ဒသမ ၃၂၈ တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၂၀၆၃ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူ မတ် ၁၀ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား(ဘားအံ) စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်ငါးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ဟင်းသီးဟင်းရွက်ဆီ ၂၆၉၆ လီတာ၊ Lipovitan-D ဖာ ၁၆၀ ၊ M-150 ဖာ ၂၀ ၊ Cheers Beer ဖာ ၁၂၀၊ Singha Beer ဖာ ၁၈၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Toyata Hiace နှစ်စီး၊ Mini Bus တစ်စီး၊ Mitsubishi Canter တစ်စီး၊ TOP SUPER M.P.V တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀ကိုလည်းကောင်း၊ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Arm Bush ဖာ ၄၀၊ Smart Softener ဖာ ၁၇၀ ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၃၀၀၀၀ ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၄၃၀၀၀၀ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၇ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၇ မှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၆၁၅၆၆၅၃ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်