နေပြည်တော် မတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဆေးခြောက်အဆီဖြင့် ချောကလက်မုန့် ပြုလုပ်ရောင်းချသူကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် စိတ်ပြောင်းဆေးဝါးအသစ်များ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ ချောကလက်ကဲ့သို့ မုန့်များကို ဆေးခြောက်အဆီဖြင့်ရောစပ်၍ Online ပေါ်မှ ရောင်းချခြင်းများအား လူငယ်များအတုယူမှား မသုံးစွဲမိစေရန်အတွက် ဘက်ပေါင်းစုံမှချဉ်းကပ်သည့် နည်းလမ်းများဖြင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်လျက်ရှိပြီး မတ် ၈ ရက် မွန်းလွဲ ၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် ၁၆၆ လမ်းမပေါ်တွင် မဆုသက်မွန်(ခ)ပုံ့ပုံ့ကို ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက် တိုက် ၂၀ ရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန် ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ ၆၀ စီစီ၊ ရေခဲသေတ္တာအတွင်းမှဆေးခြောက်အဆီဖြင့် ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ ဆေး ခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၁၆ ခုနှစ်မှစ၍ ဆေး ခြောက်အဆီထုတ်သည့် နည်းပညာအား Online မှ စတင်လေ့လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်၍ ဆေးခြောက်များအား Online ပေါ်မှတစ်ဆင့်ဝယ်ယူပြီး ချောကလက်မုန့်များအတွင်းသို့ ဆေးခြောက်အဆီများ ရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် မဆုသက်မွန် (ခ) ပုံ့ပုံ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းနှင့် ဝိသမလောဘသားများအနေဖြင့် ၎င်းတို့ ငွေရလိုမှုတစ်ခုတည်းကိုသာကြည့်ပြီး ကျောင်းသားလူငယ်များနှင့် လူငယ်များအကြား ထင်ယောင်ထင်မှားပြု၍ ယခုထက်ပိုမိုပြီး ဆေးခြောက်များ ဆက်စပ်ပါဝင်သော အစားအသောက်များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချမှုများအပေါ် မိမိနိုင်ငံ၏ တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူခြင်းဖြင့် ကြိုတင်ကာကွယ်တားဆီးလျက်ရှိသည်ကို မိဘပြည်သူများအား အသိပေးတိုက်တွန်းတင်ပြထားရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်