နေပြည်တော် မတ် ၁၁
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသောတပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေး အဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများကို ဆေးရုံရေယာဉ်ပေါ်၌ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် ကြသည်။ ထို့နောက် အဆိုပါလူနာများကို မာန်အောင်မြို့ဆိပ်ကမ်းသို့တပ်မတော် ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။
ထို့အတူ နယ်လှည့်အထူးကုဆေးအဖွဲ့သည် မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှဒေသခံပြည်သူ ၂၁၂ ဦးကို မာန်အောင်မြို့ရှိ မြို့နယ်ခန်းမ၌ အခြေပြု၍ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးကြ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၇၅ ဦး၊ ခွဲစိတ်ရောဂါ ခုနစ် ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၄ ဦး၊ ကလေးရောဂါ ခြောက်ဦး၊ အရိုး ရောဂါ ၂၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၂ ဦး၊ မျက်စိ ရောဂါ ၂၆ ဦးနှင့် သွားနှင့် ခံတွင်း ရောဂါ ၃၅ ဦးတို့ကိုလိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၁၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာတစ်ဦးတို့ကိုရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မာန်အောင်မြို့မှ ကျောက်ဖြူ မြို့နယ် စနဲမြို့သို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုယခုလိုပဲ ကြားသိ ခဲ့ရပါတယ်-
ဦးတို့ဒေသကသီးခြားကျွန်းဖြစ်တဲ့အတွက် တခြားဒေသတွေနဲ့ ကူးလူးဆက်ဆံရတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် မိုးတွင်း ကာလတွေမှာဆိုရင် လှိုင်းတွေ ကြီးတဲ့အတွက်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ဆေးကုသွားဖို့အတွက် အခက်အခဲတွေအများ ကြီး ရှိပါတယ်။ ဒေသခံတွေ အတွက်တော့ အများကြီး အကူ အညီရပါတယ်။ ဘာလို့လဲဆိုတော့ အဝေးကိုသွားပြီး မကုနိုင်တဲ့ သူတွေ မိမိဒေသမှာ ကိုယ်တိုင် လာရောက် ကုသပေးတဲ့အတွက် အများကြီး သက်သာရာလည်း ရပါတယ်။ စိတ်ချမ်းသာမှုတွေ လည်း အများကြီးရပါတယ်။ ဦးကတော့ မြို့မိမြို့ဖဖြစ်တဲ့အတွက် ဒီမှာလိုအပ်တာလေးတွေ၊ လူမှုရေးဆိုင်ရာ လိုအပ်တာလေးတွေကို လူနာလာပို့တဲ့သူတွေကိုရော၊ လူနာစောင့်တွေကိုရော ဧည့်ခံကျွေးမွေးဖို့အတွက် ဝိုင်းဝန်းကူညီပေးပါတယ်။ လာရောက် ကုသပေးဖို့အတွက် လမ်းညွှန်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အခုလိုပဲ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) က ဦးတို့ဆီကိုလာပြီးတော့ တကူးတကကိုယ်တွေ့ လာရောက် ကုသပေးတဲ့အတွက် ကျွန်းသူ၊ ကျွန်းသားတွေကိုယ်စား အထူးပဲကျေးဇူးတင်ပါတယ်။
ကျွန်တော်ရဲ့သွားက လှုပ်နေတဲ့အတွက်နုတ်ချင်လို့ပါ။ သွားရောဂါပေါ့။ ဒါကိုကုသချင်တဲ့ ဆန္ဒနဲ့ဒီကိုလာခဲ့တယ်။ ကျွန်တော်တို့ မာန်အောင်မြို့နယ်အတွက် သွားဘက်ဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ အခက်အခဲတွေအများကြီးရှိပါတယ်။ အခုလိုလာရောက်ပြီး ကုသပေးတာ၊ အခုလိုတကူးတက လာပြီး ဆောင်ရွက်ပေးတာ ကြောင့် ကျွန်တော်တို့အနေနဲ့လည်းကုသဖြစ်တယ်။ ကျွန်တော့်အနေနဲ့လည်း အထူးပဲဝမ်းသာတယ်။ ကျွန်တော်တို့မာန်အောင်မြို့မှာက အထွေထွေရောဂါ ဆေးကုဌာနတစ်ခုပဲရှိပါတယ်။ ဒါပေမဲ့ အခုဒီနေရာမှာ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ သွားဘက် ဆိုင်ရာရယ် အဘက်ဘက်က စုံလာတဲ့အတွက် ကုသမှုကလည်းသူ့ကဏ္ဍနဲ့သူ၊ သူ့ဌာနနဲ့သူသီးခြားစီခွဲထားတော့ ပိုပြီး အဆင်ပြေတယ်လို့ မြင်မိပါတယ်။ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လူနာတွေကို အဆင်ပြေအောင်ဆောင်ရွက်နေတာ ကျွန်တော်တို့အနေနဲ့ တွေ့မြင်ရပါတယ်။ ဒီလို နိုင်ငံတော်အကြီးအကဲ ကနေပြီးတော့ ပြည်သူအတွက် ဒီလို စေတနာ သန့်သန့်ရှင်းရှင်းနဲ့ ကူညီပံ့ပိုးလို့ ပြည်သူအပေါ်မှာဒီလိုလုပ်ပေး ဆောင်ရွက်တာကို ကျွန်တော်တို့ဘက်က အဆုံးတိုင် ကျေးဇူးတင်ပါတယ်။ ကိုယ်ကျိုးမဖက် ကိုယ့်မိသားစုအတွက် မပါဘဲနဲ့ ပြည်သူအတွက်တတ်နိုင်တဲ့ဘက်ကနေပြီး ပြည်သူ့အတွက်စွမ်းစွမ်းတမံ လုပ်ကိုင်ဆောင်ရွက် ပေးတာကို ကျွန်တော်တို့အနေနဲ့အများကြီးဝမ်းသာပါတယ်။ ဒီလိုပဲ ဝိုင်းဝန်းပြီး ပြည်သူကို တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းက နှစ်စဉ်နှစ်တိုင်းဆောင်ရွက်ပေး နိုင်ပါစေလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းမေတ္တာပို့ပါတယ်။
သတင်းစဉ်