နေပြည်တော် မတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက ကျေးဇူးတင်အမှာစကား ပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင် များက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက စေတနာရှင်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ချီးမြှင့်ပေးအပ်
ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံကြိုးစား ထမ်းဆောင်နိုင်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို တိုင်းမှူးကဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ဆုရရှိကြသူများက လက်ခံရယူကြသည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုလှူဒါန်းသည့် စေတနာရှင်အလှူရှင်များ၏ ကိုယ်စားတာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး တိုင်းမှူးကတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်