နေပြည်တော် မတ် ၁၁
World Engineering Day 2023 အထိမ်းအမှတ်အဖြစ် AAET Distinguished Lecture for the Commemoration of World Engineering Day 2023 အခမ်း အနားအား AAET အဖွဲ့ကြီး၏ခွင့်ပြုချက်ဖြင့် AAET Country Operation Unit Of Myanmar မှ ယနေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီရုံး၌ Online Zoom Meeting ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ် (WFEO)က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ မတ် ၄ ရက်ကို ကမ္ဘာ့အင်ဂျင်နီယာနေ့အဖြစ် သတ်မှတ်ကြေညာပေးရန် အဆိုပြုခဲ့ကြောင်း၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာ ပညာရပ်၏ပုံရိပ်ကို မြှင့်တင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် UNESCO က WFEO မှ အဆိုပြုခဲ့သည့်အတိုင်း မတ် ၄ ရက်ကို ကမ္ဘာ့အင်ဂျင်နီယာနေ့အဖြစ် ကြေညာပေးခဲ့ကြောင်း၊ ယခုနှစ် ကမ္ဘာ့အင်ဂျင်နီယာ နေ့၏ ဆောင်ပုဒ်မှာ “အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့်ကြံ့ကြံ့ခိုင်နိုင်သည့် ကမ္ဘာကိုတည်ဆောက်စို့” ဖြစ်ပြီး စတုတ္ထ အကြိမ်မြောက် ကျင်းပခြင်းဖြစ် ကြောင်း၊ AAET အနေဖြင့်လည်း ကမ္ဘာ့အင်ဂျင်နီယာနေ့ကို အထူးအလေးထားကာ ပိုမိုတောင့်တင်းခိုင်မာသည့် အာဆီယံကမ္ဘာဖြစ်လာစေရန်အတွက် အင်ဂျင်နီယာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဟောပြောပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ရှိကမ္ဘာ့အမြင့်ဆုံး ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်မှုကို မြန်မာအင်ဂျင်နီယာများ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုအဖြစ် ယခုအခမ်းအနားတွင် ထည့်သွင်းတင်ပြလိုကြောင်း၊ တည်ထားပြီးစီးပါက ဗုဒ္ဓရုပ်ပွားတော်သည် ပလ္လင်တော်အပါအဝင် အမြင့် ၈၁ ပေရှိပြီး အလေးချိန် ၅၂၉၂ တန်ရှိမည် ဖြစ်ကြောင်း။
အဆင့်ဆင့်ဆောင်ရွက်
ထုထည်နှင့်အလေးချိန် ကြီးမားလှသည့်အတွက် ကျောက်တုံးများကို ဆင်းတုတော်အတွက် အပိုင်းလေးပိုင်းနှင့်ပလ္လင်တော်အတွက် အပိုင်းငါးပိုင်းစုစုပေါင်းအပိုင်းကိုး ပိုင်းခွဲထုတ်ရန် ဆုံးဖြတ် ခဲ့ကြကြောင်း၊ စကျင်ကျောက်အပိုင်းကြီးများ သယ်ယူပင့်ဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ်ဇူလိုင်လတွင်စတင်ဆောင်ရွက်ခဲ့ပြီး စကျင်ကျောက်အပိုင်းကြီးများ နေပြည်တော်သို့ သယ်ယူပင့်ဆောင်ခြင်းကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရကြောင်း။
ရုပ်ပွားတော်မြတ်ကြီးအား ရာသီဥတုဒဏ်နှင့်အခြားသဘာဝ ဘေးဒဏ်များ ခံနိုင်ရည်ရှိစေရေး အတွက် ဒီဇိုင်းရေးဆွဲထားကြောင်း၊ ရုပ်ပွားတော်ကြီး၏ ပင်မကိုယ်ထည်ကို အပိုင်းလေးပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး အပိုင်းတစ်ပိုင်းချင်းစီကို မြန်မာအင်ဂျင်နီယာများကိုယ်တိုင် တီထွင်ဒီဇိုင်းရေးဆွဲထားသည့် CNC Machine များ၊ ခေတ်မီစက်ကိရိယာများဖြင့် ပုံဖော် ထုဆစ်မှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း။
ဆင်းတုတော်ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှုမရှိစေရန်သံမဏိ ပန်းတောင်း တည်ဆောက်ခြင်းတို့မှာ အချိန်အားဖြင့် ခုနစ်လကြာ ပြီး သံထည်ပစ္စည်းတန်ချိန် ၃၈၀၀ အသုံးပြု၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းကာ တပ်မတော်သား အင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့်ပစ္စည်းကို မ,တင်ရွှေ့ပြောင်းဖူးသည့် နည်းပညာအတွေ့အကြုံနှင့် စက်ယန္တရားများ အသုံးမပြုခဲ့ဖူးသော်လည်း ယခုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် သက်ဆိုင်ရာလုပ်ငန်း အင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့ကြ ခြင်းဖြစ်ကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်သည့်လုပ်ငန်းအား တင်ပြရခြင်းမှာမိမိတို့ ဝန်းကျင်ရှိ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မီးမောင်းထိုးပြလိုခြင်းနှင့် အင်ဂျင်နီယာများကို ဆန်းသစ်တီထွင်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေး တိုက်တွန်းအားပေးလိုခြင်းဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှုဟူသည် ကုန်ပစ္စည်း(သို့မဟုတ်) ဝန်ဆောင်မှုအသစ်များ ကိုပြုလုပ် နိုင်သည့် အတွေးအခေါ်များ (သို့မဟုတ်) ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုများကိုပေးဆောင်ရာတွင် တိုးတက်မှုဖြစ်စေသည့် အတွေးအခေါ်များကို လက်တွေ့အကောင် အထည်ဖော်ခြင်းပင်ဖြစ် ကြောင်း။
ရင်ဆိုင်နေကြရ
ယနေ့ခေတ်၌ ကမ္ဘာတွင်ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများ၊ ရာသီဥတုပြောင်းလဲမှု၊ အထွေထွေသောအကျပ်အတည်းများဖြင့် သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေး ပြဿနာ၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် နိုင်ငံသားအထောက်အထား ပြဿနာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ကံကောင်းသည်မှာ ဆန်းသစ်တီ ထွင်ဉာဏ်ရှိသော အင်ဂျင်နီယာများ ရှိနေခြင်းပင်ဖြစ်ကြောင်း၊ ပြဿနာများကိုဖြေရှင်းနိုင်မည့် R&D အင်ဂျင်နီယာများ၊ ကုန်ထုတ် အင်ဂျင်နီယာများ၊ လုပ်ငန်းစဉ်အင်ဂျင်နီယာများ၊ တိုင်ပင်ခံ အင်ဂျင်နီယာများ၊ လုပ်ငန်းခွင် အင်ဂျင်နီယာများ၊ အရောင်း အင်ဂျင်နီယာများနှင့် အခြားများစွာသော အင်ဂျင်နီယာများသည် အခန်းကဏ္ဍစုံတွင်ရှိနေကြကြောင်း၊ အင်ဂျင်နီယာ ပညာရပ်ဟူသည် ပြဿနာဖြေရှင်း ခြင်းမျှသာမဟုတ်ဘဲ မိမိတို့ဘဝကို ပိုမိုကောင်းမွန်စေမည့် ဖြေရှင်းနည်းများကို ရှာဖွေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့ အင်ဂျင်နီယာများသည် ၎င်းတို့၏ ဆန်းသစ်တီထွင်မှု ဖြင့် ပိုမိုကြံ့ကြံ့ခံနိုင်သည့် ကမ္ဘာကိုတည်ဆောက်ရုံသာမက ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဖန်တီး နိုင်မည်ကို ယုံကြည်ကြောင်း။
၂၀၂၃ ခုနှစ် ကမ္ဘာ့အင်ဂျင်နီယာနေ့ကို ဂုဏ်ပြုသောအားဖြင့် အင်ဂျင်နီယာများ စွမ်းဆောင်ခဲ့ကြသောခမ်းနားသည့် တီထွင်မှုများနှင့်တီထွင်ဆန်းသစ်မှုများအတွက် ဂုဏ်ပြုလိုကြောင်းနှင့် ဆက်လက်၍လည်း တီထွင်ဆန်းသစ်မှုများကို လုပ်ဆောင်ကြရန် တိုက်တွန်း အားပေးလိုကြောင်း ပြောကြား သည်။
ထို့နောက် AAET President, Prof. Dr. Ewe Hong Tat က ဂုဏ် ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ AAET Vice President, မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်က Seismic Hazard and Vulnerability Assessment For Bagan/ Nyaung U Area ခေါင်းစဉ်ဖြင့် Seismicity Around Bagan/Naung U Area, Significant Ground Shakings on Historical Monuments, Development of Seismic Hazard and Vulnerability Assessment တို့အား Distinguished Lecture အဖြစ် ဟောပြောသည်။
အခမ်းအနားသို့ AAET အဖွဲ့ကြီးမှ နိုင်ငံတကာ Professors များ၊ ပညာရှင်များ၊ ပြည်တွင်းရှိ အင်ဂျင်နီယာ ပညာရှင်များ၊ ဗိသုကာပညာရှင်များနှင့် စိတ်ပါဝင်စားသူများတက် ရောက်ကြသည်။ Distinguished Lecture အားဟောပြောမှုအပြီးတွင် တက်ရောက်လာသည့် ပညာရှင်များကသိလိုသည်များ မေးမြန်းရာပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်က ပြန်လည် ဖြေကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက ဒေါက်တာစိန်မြင့် ကိုယ်စား ပါမောက္ခဒေါက်တာအောင်ကျော်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်