Skip to main content

ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)ရှိ ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းများ လာမည့် ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်

ရန်ကုန် မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ ၁၇၁ ဧကပေါ်၌ တည်ဆောက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)ရှိ ပထမအဆင့်အပိုင်း တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်အိမ်ခန်းပေါင်း ၃၁၀၄ ခန်းပါဝင်မည်

ပြည်သူ့အငှားအိမ်ရာ စီမံကိန်း(ရန်ကုန်)အား နိုင်ငံတော်အစိုးရဘဏ္ဍာငွေဖြင့် အကုန်ကျခံ တည်ဆောက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်သည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်(MCEF)က အဆောက်အအုံ ၉၇ လုံးနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)က အဆောက်အအုံ ၉၇ လုံးဖြင့် စုစုပေါင်း အဆောက်အအုံ ၁၉၄ လုံးကို ဆောက်လုပ်နေခြင်းဖြစ်၍ အဆင့်မြင့်အိမ်ခန်းပေါင်း ၃၁၀၄ ခန်းပါဝင် မည်ဖြစ်ကြောင်း သိရသည်။

အငှားအိမ်ရာဖြစ်သည့် အားလျော်စွာ နိုင်ငံတော်အစိုးရပိုင်ဖြစ်သည့်အတွက် နေအိမ်တိုက်ခန်းများအား တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမဝယ်ယူနိုင်သေးသည့် ဝင်ငွေနည်းပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့် ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေခြင်းဖြစ်သည်။

“ပြည်သူ့အငှားအိမ်ရာစနစ်ဆိုတဲ့အလျောက် အိမ်လခသက်သာစေချင်လို့ ပြည်သူတွေအတွက် နိုင်ငံတော်အစိုးရက အကုန်ကျခံပြီး ပြည်သူ့အငှားအိမ်ရာတွေ တည်ဆောက်နေတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေရော သာမန်ပြည်သူတွေပါ ပြည်သူ့အငှားအိမ်ရာ ငှားရမ်းဖို့အတွက် လျှောက်ထားနိုင်ကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တာဝန်ယူတည်ဆောက်နေတဲ့ အဆောက်အအုံ ၉၇ လုံးမှာ တည်ဆောက်ပြီးစီးသွားတဲ့အဆောက်အအုံ ၂၇ လုံးကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အပ်နှံပြီးပါပြီ”ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က စီမံကိန်းအတွင်း တည်ဆောက်နေသည့် အဆောက်အအုံ ၉၇ လုံးအနက်အလုံးရေ ၅၆ လုံး ယခုလကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်း လျာထားရာ လက်ရှိအဆောက်အအုံ ၉၇ လုံး၏ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ စီမံကိန်းရှိ မြို့ပြအခြေခံ အဆောက်အအုံဖြစ်သော လမ်း၊ အုတ်ရေမြောင်း၊ Box Culvert နှင့် ရေသန့်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၉၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“လျှပ်စစ်လုပ်ငန်းအတွက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ဒါခေါ်ယူပြီး လက်ရှိဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းကို စီမံကိန်းလုပ်ငန်းခွင်အတွင်း တည်ဆောက်နေပြီဖြစ်သလို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ စီမံကိန်းဝင်းအတွင်း နေထိုင်ကြမယ့် ပြည်သူတွေသွားလာရေး အဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကော်မတီ(YRTC)က တာဝန်ရှိသူတွေနဲ့ညှိနှိုင်းပြီး ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု အထွေထွေအတွင်းရေး မှူးချုပ် ဦးမျိုးမြင့်က ပြောသည်။

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)သည် ရန်ကုန်မြို့၏ အဓိကကျသော အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီး ကြားအချက်အချာကျသည့်နေရာတွင် တည်ရှိနေသည့်အတွက် အနာဂတ်ကာလတွင် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နေထိုင်ကြ မည့်ပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူချောမွေ့စေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်