နေပြည်တော် မတ် ၁၀
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များက ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ယနေ့တွင် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူများကို ဆေးရုံရေယာဉ်ပေါ်၌ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး၍ မျက်စိခွဲစိတ် လူနာများအားမျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် အဆိုပါလူနာများကို မာန်အောင် မြို့နယ်ခန်းမသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။
ကျန်းမာရေးစောင့်ရှောက်
ထို့အတူ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် မာန်အောင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၈၇ ဦးကို မာန်အောင်မြို့နယ်ခန်းမ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးကြသည်။
ရောဂါရှာဖွေစမ်းသပ်
ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၉၄ ဦး၊ ခွဲစိတ်ရောဂါ ၁၀၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇၅ ဦး၊ ကလေးရောဂါ ၆၈ ဦး၊ အရိုး ရောဂါ ၃၀၂ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၁၂၅ ဦး၊ မျက်စိရောဂါ ၃၈၇ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၁၂၈ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးသည်။ ထို့ပြင် ခွဲစိတ်ကုသ ရန်လိုအပ်သူ အထွေထွေခွဲစိတ် လူနာ ၁၁ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၈ ဦး၊ ဓာတ်မှန်ရိုက်လူနာ ကိုးဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၁၄၅ ဦး၊ ECG ဖြင့် နှလုံး စမ်းသပ်လူနာ ၉၀ နှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၄ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူသုံးဦးကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ကျန်းမာရေး ဆောင်ရွက်ပေး မှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိ ခဲ့ရသည်-
“ကျောကုန်းမှာ အဖုပေါက်နေတယ်။ ဒီမှာက သွားရေး၊ လာရေး နည်းနည်းခက်ခဲလို့ တပ်မတော်နယ်လှည့်ဆေးကုလာ တယ်ဆိုတော့ အဆင်ပြေတယ် ဆိုပြီး လာပြတာပါ။ လာပြတော့ လည်း အကုန်လုံးအဆင်ပြေပါတယ်။ ဒီကလူတွေမှာလည်း ရောဂါကနှလုံး၊ ကျောက်ကပ် အမျိုးမျိုးဖြစ်ကြတယ်။ ဒီမှာက အဲဒီလို ရောဂါမျိုးတွေအတွက် အထူးကုကလည်းမရှိ။ မရှိတော့ တစ်ခုခုဖြစ်လာပြီဆိုရင် ရန်ကုန်၊ တောင်ကုတ်၊ သံတွဲဘက်ကို သွားရတယ်။ ကျန်းမာရေးဌာနက လူတွေကလည်း ဝိုင်းဝန်းပံ့ပိုး ကြတယ်။ ကိုယ်သွားချင်တဲ့၊ ရောက်ချင်တဲ့ ဌာနကိုသွားတယ်။ ဒီကဆရာကြီးတွေကလည်း အကုန် ဆေးစစ်ပေးပါတယ်။ ကိုယ့်ရောဂါ အခြေအနေကို ကိုယ်သိတဲ့အခါ စိတ်ချမ်းသာရတယ်။ အခုလို လာရောက် ကုသပေးတဲ့အတွက် လည်း အလွန်ဝမ်းသာပါတယ်။ ဒီလိုမျိုး အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်လို့ အလွန်ဝမ်းသာတယ်။ ကြည်နူးတယ်။ အခုလို တပ်မတော်က နယ်လှည့် ဆေးကုတာကိုလည်း ဖြစ်နိုင်ရင် ဒီနေရာကို ခဏခဏလာစေချင်ပါတယ်။ နိုင်ငံတော် အကြီးအကဲကိုလည်း ခဏခဏလွှတ်ပေးပါလို့ တောင်းဆိုချင်ပါ တယ်။ ဒီလိုမျိုးအဆင်ပြေအောင် လာရောက်ကူညီပေးတဲ့ နိုင်ငံတော် အကြီးအကဲအား ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးရန်ဝေးကွာပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီထက်မကလည်း ပြည်သူတွေကို ကာကွယ် စောင့်ရှောက်နိုင်ပါစေလို့ မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်။”
“ဒီက ကျန်းမာရေးဌာနမှာ တာဝန်ကျနေတဲ့ သားဖွားဆရာမပါ။ ဒီမာန်အောင်မြို့နယ်ရဲ့ ဒေသခံပါပဲ။ ဆရာတွေ လိုအပ်တဲ့ အရာတွေကို ကျွန်မတို့က ကူညီ ပြီး ပံ့ပိုးပေးပါတယ်။ အခုလို လာရောက်တဲ့အတွက် ကျွန်မတို့ အလွန်ပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ မာန်အောင်ကျွန်းက တခြား နေရာကိုသွားပြမယ်ဆိုရင် အလွန်အခက်အခဲရှိတယ်။ ပြီးတော့ မသွားနိုင်တဲ့သူလည်း အများကြီး ရှိတာပေါ့။ အဲဒီအချိန်မှာ ဒီလိုမျိုး လာပြီး ဆရာတို့က ဆေးကုပေး တော့ ဒေသခံတွေအတွက် အများကြီး အကျိုးထူးတွေ ရပါ တယ်။ တခြားမရှိတဲ့သူတွေအတွက် လည်း အများကြီး အထောက်ကုပြု တယ်။ ကျန်းမာရေးကိစ္စအများကြီး ဆိုးဆိုးရွားရွား ဖြစ်တယ်ဆိုရင် ဒီမှာက သွားရလာရတာ အလွန်ခက်ခဲတယ်။ ပြီးတော့ ဒီမာန်အောင်မြို့ကနေပြီး တောင်ကုတ်တို့၊ သံတွဲမြို့တို့အထိ သွားရတာဆိုတော့ အလွန်ခက်ခဲတယ်။ အခုလိုကိုယ့်မြို့နယ်အတွင်းမှာ လာပြီးတော့ ဒီလိုမျိုးကုသဖို့ အတွက်လာတယ်ဆိုတော့ ဒီကဒေသခံတွေအနေနဲ့အများကြီး အဆင်ပြေတယ်။ အလွန် အဆင်ပြေတယ်။ ပြီးတော့ ဒီကိုကလွယ်လင့်တကူ လာလို့ရတယ်။ ကိုယ့်နယ်မြေခံအတွင်းမှာ လာပြီးတော့ ဆေးကုသခွင့်တွေရတယ်ဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ အခုလို လာရောက်ကုသပေး ဖို့အတွက် လမ်းညွှန်မှုပေးတဲ့နိုင်ငံတော် အကြီးအကဲနဲ့တကွ လာရောက်ကုသပေးတဲ့ ဆရာဝန်ကြီးတွေ၊ ပြီးတော့ ဆရာမကြီး တွေ၊ သူနာပြုတွေနဲ့ အခြားကျန်းမာ ရေးဝန်ထမ်းတွေ အကုန်လုံးကို ကျွန်မက ဒေသခံတွေ ရဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်။”
သတင်းစဉ်