Skip to main content

NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်‌ပေးအပ်ပွဲ ကျင်းပ

ရန်ကုန် မတ် ၁၀

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်က NSSA အနေဖြင့် ၂၀၁၄ ခုနှစ်ကစတင်ပြီး အလုပ် အကိုင်အလိုက် ကျွမ်းကျင်လုပ်သားများကို စစ်ဆေးအကဲဖြတ်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ အလုပ်အကိုင် ၃၅ မျိုး အတွက် ကျွမ်းကျင်လုပ်သား ၂၁၈၆၁ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး ၁၈၁၇၀ ကို ကျွမ်းကျင်မှု အဆင့်အလိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လျာထားလုပ်သား ၅၀၀၀ အနက် လက်ရှိအချိန်ထိ ၄၇၀၂ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး ၆၅၀ကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် အလုပ်အကိုင် ၁၀ မျိုးအတွက် သတ်မှတ်အဆင့်မီသူ ကျွမ်းကျင်မှုအဆင့်-၁ (၆၇၃) ဦးနှင့် ကျွမ်းကျင်မှုအဆင့်-၂ (၂၈) ဦး အပါအဝင်အောင်မြင် လုပ်သား ၇၀၁ ဦး၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၂ ခု နှင့်၊ Assessor ၃၈ ဦးတို့ကို အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း။

ကျွမ်းကျင်မှုအသိအမှတ်ပြုခံရသည့် လုပ်သားများအနေဖြင့် အခြေခံကျွမ်းကျင်လုပ်သား အဆင့်မှ ကျွမ်းကျင်လုပ်သား၊ ဘက်စုံကျွမ်းကျင် လုပ်သား၊ ကြီးကြပ်သူနည်းပညာရှင် (ကျွမ်းကျင်မှုအဆင့်-၄) အထိ အသိအမှတ်ပြုခံရရေး အလေး ထား ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်တာဝန်ခံများနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အာရှနဂါးနှင့် မြန်မာဟာဟေး အထည်ချုပ်စက်ရုံသို့သွားရောက်၍ စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ အရည်အသွေးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြည့်ရှုအားပေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့ကို စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာစက်မှုဇုန်သို့ ရောက်ရှိချိန် ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အရည်အသွေးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြားချက်နှင့်အညီအလေးထား လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် အဓိကကျပြီး အရည်အသွေးမီထုတ်ကုန်များ အချိန်မီထုတ်လုပ်နိုင်ရေး ကျွမ်းကျင်လုပ်သားများ ပြုစု ပျိုးထောင်ပေးရန် လိုကြောင်း၊ စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်များရယူနိုင်ရေး အားပေးဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာနများ၏ ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန်လိုကြောင်းမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်