နေပြည်တော် မတ် ၁၀
ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Progra-mme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၆) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က အသိပညာပေးမျှဝေမှု စကားဝိုင်းမှတစ်ဆင့်ဌာနရှိ ဝန်ထမ်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ပိုမိုသိရှိနားလည်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းစီးပွားရေးတို့နှင့်ဆက်စပ်လျက်ရှိသည့် နိုင်ငံတကာ ကုန်သွယ်မှုအခြေအနေများ၊ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်လာပုံ အဆင့်ဆင့် သမိုင်းကြောင်းများနှင့် ကမ္ဘာ့ကုန်သွယ်မှုမူဝါဒများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသများ ပေါ်ပေါက်လာခြင်းအပြင် လွတ်လပ်သော ကုန်သွယ်မှုဝါဒနှင့် ကုန်သွယ်မှုဒေသများ တိုးတက်ပြောင်းလဲလာမှု၊ ပြည်ပမှနိုင်ငံခြားငွေများ မိမိနိုင်ငံတွင်းသို့ စီးဝင်လာနိုင်မည့် ကုန်သွယ်ရေးတွင် အသာစီးရရှိနိုင်သည့် အခြေအနေများကို သိရှိနားလည် နိုင်လာမည် ဖြစ်ကြောင်းနှင့် အဆိုပါအသိအမြင်များဖြင့် မိမိတို့ လုပ်ငန်းခွင်နယ်ပယ်တွင် သုံးတတ်လျှင် သုံးတတ်သလို အကျိုးပြုနိုင်မည်ဖြစ်သဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲစကားဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်သဇင်က အာဆီယံစီးပွားရေး ပေါင်းစည်းမှုအဆင့်များ၊ “အာဆီယံ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသများ” (ASEAN-Free Trade Area-AFTA)၊ လွတ်လပ်သောကုန်သွယ်မှု ဒေသများတွင် ပါဝင်သည့် Traditional Areas များနှင့် New and Emerging issue များနှင့် လွတ်လပ်သောကုန်သွယ်မှု ဒေသများ၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၀၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်