Skip to main content

Cookie မုန့်များတွင် ဆေးခြောက်များထည့်၍ ရောင်းချသည့်တရားခံများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၉

လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများသည် လူသားအရင်းအမြစ်၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး နိုင်ငံ့အနာဂတ်အတွက် အလွန်အရေးပါသည့် မျိုးဆက်သစ်ကြယ်ပွင့်လေးများဖြစ်သည်။ သို့ဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းနေမှုကို မလိုလားသည့် အကြမ်းဖက်အုပ်စုများသည် နိုင်ငံ၏မျိုးဆက်သစ် လူငယ်များကို လမ်းမှားရောက်စေပြီး လူညွန့်တုံးစေရန်အတွက် လူငယ်လူရွယ်များနှင့် ကျောင်းသား ကျောင်းသူများကို အဓိကပစ်မှတ်ထားကာ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှုများ ပြုလုပ်လာကြသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် မိသားစုတွင် စီးပွားရေး၊ လူမှုရေးအခက်အခဲများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

မတ် ၈ ရက် ညနေပိုင်းတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိုလိုလားသည့် ပြည်သူများ၏သတင်းပေးပို့ချက်အရ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အမှတ်(၇) ရပ်ကွက် (၁၆)လမ်း တိုက်အမှတ်(၁၂၆) ရှစ်လွှာရှိ တိုက်ခန်းအား ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ ထက်ရတနာစိုး ၂၄ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ လမ်းမတော်မြို့နယ် အမှတ်(၁၀)ရပ်ကွက် ဗဟိုရ်စည်အိမ်ရာဝင်း တိုက်အမှတ်(၄၀) သုံးလွှာရှိ အခန်း(၁၄)တွင် ဇော်လင်းနောင် ၂၁ နှစ်အား ဆေးခြောက်အမှုန့် ၁၀၉ ဂရမ်၊ ဆေးခြောက်ထည့်သွင်း ပြုလုပ်ထားသည့် Cookie မုန့် အခု ၅၀၊ ဆေးခြောက်ရှူရာတွင် အသုံးပြု သည့် ဆေးဂေါက်တံ တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တရားမဝင် ပေါင်းသင်းနေထိုင်သူများဖြစ်ပြီး Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြောင်း၊ ဆေးခြောက်ထည့်သွင်းမှု အနည်း/ အများပေါ်မူတည်၍ Cookie မုန့် တစ်ခုလျှင် ငွေကျပ် ၆၀၀၀ မှ ငွေကျပ် ၁၀၀၀၀ ထိ ရောင်းချကြောင်း၊ ဆေးခြောက်များအား အွန်လိုင်းမှတစ်ဆင့် မြဝတီဘက်မှ မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း၊ ၎င်းတို့ရောင်းချသည့် Cookie မုန့်များအား လူကြိုက်များစေရန်နှင့် လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲလာစေရန်ရည်ရွယ်၍ ရက်စက်ယုတ်မာသည့်အကြံဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

အဆိုပါ Cookie မုန့်များအား ဝယ်ယူစားသုံးသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကို များစွာပျက်စီးစေနိုင်ပြီး စတင်စားသုံးစဉ် ခွန်အားများတိုးပွားလာကာ အိပ်ချင်စိတ်များ ပြေပျောက် သည်ဟု မှားယွင်းစွာထင်မြင်နေသော်လည်း နောက်ပိုင်းတွင် စားချင် စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ ကြွက်သား တောင့်တင်းလာခြင်း၊ အသက်ရှူမြန်လာခြင်း၊ အာရုံစူးစိုက်မှုနည်းလာခြင်း၊ မှတ်ဉာဏ်ယိုယွင်းလာခြင်း၊ စိတ်တိုဒေါသထွက်ခြင်းများ ဖြစ်ပေါ်လာသည့်အပြင် စားသုံးသည့်ကာလကြာလာသည်နှင့်အမျှ နောက်ထပ်မစားရလျှင် မနေနိုင်အောင် စိတ်ရောကိုယ်ပါစွဲလမ်းမှုကို ဖြစ်ပေါ်လာပြီး စိတ်ချောက်ချားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ် ကျခြင်း၊ ဖျားနာလာခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ အသက်ရှူကျပ်လာခြင်း၊ နှလုံးခုန်ရပ်ခြင်းများဖြစ်လာကာ နောက်ဆုံး ရုတ်တရက် သေဆုံးသည်အထိ ဆိုးကျိုးများကို ခံစားရသည်။

သို့ဖြစ်၍ မိမိကိုယ်ကျိုးစီးပွားအတွက် လူငယ်လူရွယ်များအား လမ်းမှားသို့ ရောက်ရှိစေရေးရည်ရွယ်ချက်ဖြင့် Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ ရောင်းချခဲ့သည့် တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ နိုင်ငံသားအားလုံးမှ ကိုယ်စီတာဝန်ရှိစွာနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။

 သတင်းစဉ်