နေပြည်တော် မတ် ၉
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ညောင်ဝင်းမြောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက် သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပေါက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်ဝင်းမြောက်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ စာသင်ကျောင်းအနီးတစ်ဝိုက်မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း အတွင်းမှ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ် သေနတ် ၁၀ လက်၊ လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်ကျည်အိမ် သုံးခု၊ ကျည်မျိုးစုံ ၈၈ တောင့်၊ လက်လုပ်ဗုံးသီး ၁၈ လုံး၊ ဝရိန်စက်တစ်လုံး၊ ကျောက်ဖြတ်စက်တစ်လုံး၊ လွန်စက်တစ်လုံး၊ ဒီတိုနေတာသုံးခု၊ ဆိုင်ကယ်မျိုးစုံ ခြောက်စီးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆီ ၁၀ ပိဿာနှင့် ဆန်ခြောက်အိတ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ကလေးငယ်များ ပညာသင်ကြားရာစာသင်ကျောင်း၌ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားသည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး၊ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်