နေပြည်တော် ဩဂုတ် ၉
မြန်မာနိုင်ငံပညာရေးကဏ္ဍ တိုးတက်ရေးတွင် အဓိကဖြစ်သော ဆရာ၊ ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ၏ နေထိုင်မှုအဆင့်အတန်းမြင့်မားပြီး အဆင်ပြေချောမွေ့စေရေးအတွက် မကွေးတိုင်း ဒေသကြီး မကွေးတက္ကသိုလ်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် မကွေးပညာ့ရိပ်သာ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် မကွေးတက္ကသိုလ်ရှိ မကွေး ပညာ့ရိပ်သာ အိမ်ရာဝင်းတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးဟန်ဇော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးနှင့် Myanmar Imperial Vega Co.,Ltd ဥက္ကဋ္ဌ ဦးဝိတ်တို့က ပန္နက်တော်တင်ပေးကြပြီး မှတ်တမ်းဓါတ်ပုံရိုက်ကြသည်။
ယနေ့ကျင်းပသည့် မကွေးတက္ကသိုလ်တွင် အကောင်အထည်ဖော် တည်ဆောက်မည့် မကွေး ပညာ့ရိပ်သာ စီမံကိန်းကို Public Private Partnership (ppp) နည်းလမ်းဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် အဆင့်အတန်းမြင့်မားပြီး Facilities ပြည့်စုံစွာ ပါဝင်သော Living Environment ကောင်းမွန်သည့် မင်းဓမ္မပညာ့ရိပ်သာ၊ လှိုင်ပညာ့ရိပ်သာနှင့် ပါရမီပညာ့ရိပ်သာတို့တွင် အိမ်ခန်းပေါင်း ၁၄၄၀ ခန့်အား အကောင်အထည်ဖော် ဆောင်ရွက်ပြီး နောက် ကျန်ရှိနေသောအိမ်ခန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၃)ခုတွင် ပညာ့ရိပ်သာ အိမ်ရာဝင်း (၁၃)ခုဖြင့် ဖြန့်ခွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ပညာ့ရိပ်သာအိမ်ရာဝင်း (၁) ခုတွင် အိမ်ခန်း ၁၆၀ ခန်း၊ Community Center (၁) လုံး၊ Gym အဆောက်အဦ (၁)လုံး ၊ အိမ်ရာဝန်း၏ Infrastructure (၁) ခုတို့ ပါဝင်ပြီး ပညာ့ရိပ်သာ အိမ်ရာဝန်း (၁၃) ခုတွင် အိမ်ခန်းပေါင်း ၂၀၈၀ ၊ Community Center (၁၃)လုံး ၊ Gym အဆောက်အဦ (၁၃) လုံး၊ အိမ်ရာဝန်း၏ Infrastructure (၁၃)ခုနှင့် လိုအပ်သော ပရိဘောဂ များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)