Skip to main content

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   မတ်  

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှု ဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း များကိုလည်း ရုံးလက်ခံအိမ်ထောင်စု၊ နိုင်- မှတ်တမ်းနှင့် အခြားအထောက်အထားများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းများ ပြုလုပ်ပြီး e-ID Server အတွင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ မှတ်ချက်ရေးသွင်းခြင်းများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများက လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရှိရကြောင်းနှင့် ယင်းလုပ်ငန်းစဉ်ကိုလည်း သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေး အတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုကြောင်း။

အလားတူ လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆောင်ရွက်လျက်ရှိသည့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခဲ့သည့် အိမ်ထောင်စုလူဦးရေ စာရင်းများတွင် နိုင်ငံသားကတ်မရှိသူများ၊ အိမ်ထောင်စုစာရင်း ပုံစံအလွတ်ဖြင့် ကောက်ယူထားသည့် ယာယီနေထိုင်သူများအနက် အသက်(၁၆)နှစ်နှင့်အထက်ရှိသူများ၏ နိုင်ငံသားကတ်အပါအဝင် ကိုင်ဆောင်ကတ်ပြားမရှိသေးသူများကို သက်ဆိုင်ရာ လဝကမြို့နယ် ဦးစီးမှူးရုံးများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ ယခင်အစည်းအဝေးတွင် မဲပေးရန် အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၀၂၃ ခုနှစ် မတ်လအတွင်း ပေးပို့ရန် လျာထားခဲ့သော်လည်း နယ်မြေဒေသအခြေအနေအရ မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့် စာရင်းဇယားများ စိစစ်ဖြည့်သွင်းဆောင်ရွက်ရန် ကျန်ရှိနေသည့်အတွက် လုပ်ငန်း ဆိုင်ရာအခက်အခဲများရှိပါက ဆွေးနွေးပေးကြစေလိုကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိနေသည့် နယ်မြေဒေသများကိုလည်း ရနိုင်သမျှသော နည်းလမ်းမျိုးစုံအသုံးပြု၍ အကြားအလပ်မရှိအောင် ဆက်လက်ကောက်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ တိကျမှန်ကန်သော လူဦးရေစာရင်းကို ရရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို မှန်မှန်ကန်ကန် ပြုစုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ပြည်ထောင်စု နယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်းကောက်ယူသွားမည့် အစီအစဉ်များ၊ ကောက်ယူပြီးစာရင်းများကို လဝကမြို့နယ်ဦးစီးမှူး ရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက် များကိုလည်းကောင်း၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဌာနအလိုက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်