နေပြည်တော် မတ် ၈
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ချေးငွေ ပြန်လည်ပေးဆပ်ရေးဆိုင်ရာကိစ္စ များအတွက် လုပ်ငန်းကော်မတီက ညှိနှိုင်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ချေးငွေပြန်လည် ပေးဆပ်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေး ကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား ချေးငွေသက်တမ်း စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် တစ်နှစ်ထပ်မံတိုးမြှင့်ပေးခဲ့သည့် အခြေအနေ၊ ချေးငွေသက်တမ်း သုံးနှစ်ပြည့်ပြီး ကုမ္ပဏီ/ လုပ်ငန်းများမှ ချေးငွေများ ပြန်လည်ကောက်ခံရေး အစီ အစဉ်၊ အရင်းကောက်ခံရရှိငွေများအား နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ပြန်လည်ထည့်သွင်းရေး အခြေအနေနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် အခြေအနေများကို ဆွေးနွေးသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအား Success Story စစ်တမ်းကောက်ခံခဲ့သည့် အခြေအနေများ၊ အတိုးအရင်းကောက်ခံ ရရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြဆွေးနွေးသည်။
အစည်းအဝေး တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှု များကုစားရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကော်မတီ အနေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးမည့် ကိစ္စကို အတည်ပြု ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်